ပြည်မြို့တွင် ဆိုင်ကယ်စီးနေသည့် သားအမိ(၂)ဦးအား လူ(၃)ဦးမှ ပိုက်ဆံအိတ်လုယက်ခဲ့ရာ ထိခိုက်ဒဏ်ရာများရရှိခဲ့
သန့်ဇင်(NSS) - အောက်တိုဘာ ၂၇
ပဲခူးတိုင်း၊ ပြည်မြို့တွင် ဆိုင်ကယ်စီးနေသည့် သားအမိ(၂)ဦးအား လူငယ်(၃)ဦးက ပိုက်ဆံအိတ်လုယက်ခဲ့ရာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၂၆ ရက်)၊ ညနေ ၆ နာရီခွဲအချိန်တွင် ပြည်မြို့၊ ရွာဘဲရပ်ကွက်ရုံးရှေ့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“အလုခံရတာက သားအမိ(၂)ယောက်ပါ။ သူတို့က ဆိုင်ကယ်စီးနေတုန်း အသက်(၂၀) လောက်ရှိတဲ့ လူငယ်(၃)ယောက်က ဆိုင်ကယ်နဲ့ နောက်ကလိုက်လာပြီး ဝိုင်းလုတာမှာ ဆိုင်ကယ်မှောက်ပြီး ထိခိုက်သွားတာပါ။ ပိုက်ဆံအိတ်တော့ ပါမသွားဘူးဟု” ပရဟိတပါရမီ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဉ်တွင် လုယက်ခံရသူ သားအမိ(၂)ဦးအနက် အမေဖြစ်သူ အသက်(၅၀)နှစ်အရွယ်အမျိုးသမီးတွင် ခြေလက်ပွန်းပဲ့ဒဏ်ရာနှင့် ညာပုခုံးအဆစ်လွဲဒဏ်ရာများရရှိခဲ့ပြီး အသက်(၂၀)ဝန်းကျင် သမီးဖြစ်သူတွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ပြည်မှာက ခုလိုလုတာတွေက အရင်တုန်းကခဏခဏရှိတယ်။ ခုလထဲမှာတော့ ကြားရတာဒီတစ်ကြိမ်ပါပဲ။ လုတဲ့အဖွဲ့ကလဲ လူပျက်တဲ့နေရာ နဲ့ မှောင်တဲ့နေရာတွေမှာ လုပ်တာများတယ်။ လုရင်လဲ အမျိုးသမီးတွေကိုပဲ ဦးတည်ပြီးလုတာများတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်းမှ မြေပြင်ဆေးကုသမှုများပြုလုပ်ပေးခဲ့ပြီး အကြမ်းဖက်လုယက်မှု ကျူးလွန်သူများအား သက်ဆိုင်ရာမှ စုံစမ်းရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ ပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ထားသည့် ညမထွက်ရအချိန်များကို ပြင်ဆင်သတ်မှတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း