ဆပ်ပြာခွက်များဖြင့်ထည့်၍သယ်ဆောင်လာသော ငွေကျပ် ၃ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ကလေးမြို့နယ်၌ ဖမ်းဆီးရမိ
Pearl (NSS) – အောက်တိုဘာ ၂၄
ကလေးမြို့နယ်၌ ဆပ်ပြာခွက်များဖြင့်ထည့်၍သယ်ဆောင်လာသော ငွေကျပ် ၃ ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နတ်ကြီးကုန်းကျေးရွာအနီးတွင် မန္တလေးမှ ကလေးမြို့သို့ ဧရာထွန်း(ခ)ဇေယျာထွန်း မောင်းနှင်ပြီး သီဟထွန်းလိုက်ပါလာသော မော်တော်ယာဉ်ကို သတင်းအရရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်တွင် ကုန်ပစ္စည်းများနှင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ် ၃ ဒသမ ၆၉ ဘီလျံတန်ဖိုးရှိ ဆပ်ပြာခွက်(၃၃၀၀)ခွက်အတွင်းမှ ဘိန်းဖြူ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်အရ အောက်တိုဘာလ ၁၉ ရက်၊ ည ၈ နာရီခွဲအချိန်ခန့်တွင် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ သိန်းထွန်းအောင်(ခ) ချမ်းမြေ့အောင်(ခ)ချမ်းမြေ့အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေဘိုပြည်သူ့ဆေးရုံ၌ ဖောက်ခွဲရန် ဗုံးသယ်ဆောင်လာစဉ် ပေါက်ကွဲမှုကြောင့် ဗုံးသယ်ဆောင်လာသူအမျိုးသမီး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း