အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများ၏ သွေးဆောင်ဖြားယောင်းမှုကိုခံခဲ့ရသော ထိုင်းနိုင်ငံသား (၁၂ဝ) ဦးကို နေရပ်ပြန်ပို့ရန် မြန်မာ နှင့် ထိုင်းအာဏာပိုင်များ စီစဉ်နေ
Pika (NSS) - အောက်တိုဘာ ၂၂
မြန်မာနိုင်ငံရှိ အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများ၏ သွေးဆောင်ဖြားယောင်းမှုကို ခံခဲ့ရသော ထိုင်းနိုင်ငံသား(၁၂ဝ)ဦးကို နေရပ်ပြန်ပို့ရန်အတွက် ထိုင်းနှင့် မြန်မာအာဏာပိုင်များက စီစဉ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Kanchana Patarachok က ပြောကြားခဲ့သည်။
ထိုင်းအမျိုးသား(၉ဝ)ဦး နှင့် အမျိုးသမီး(၃ဝ)ဦးတို့သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင်ရှိသော ရှမ်းပြည်နယ် လောက်ကိုင်မြို့တွင် အလုပ်လုပ်ကိုင်ရန်အတွက် အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများ၏ သွေးဆောင်ဖြားယောင်းမှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ၎င်းတို့လုပ်ကိုင်ခဲ့ရသည့် အလုပ်နှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရှိရသေး ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ ထိုင်းသံရုံးသည် ၎င်း၏နိုင်ငံသားများကို လောက်ကိုင်မြို့မှ ဘေးကင်းစွာ ခေါ်ထုတ်နိုင်ရန်အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် လောက်ကိုင်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံး၊ အခြားမြန်မာအေဂျင်စီများနှင့်အတူ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mongkol Wisitstump က ပြောကြားခဲ့သည်။
အောက်တိုဘာလ(၂၁)ရက် ည(၉)နာရီအချိန်တွင် လောက်ကိုင်မြို့မှ ထိုင်းနိုင်ငံသား(၁၂၀)ဦးကို ခေါ်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းသံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် အဆိုပါ ထိုင်းနိုင်ငံသား(၁၂ဝ)ဦးကို မြန်မာစစ်တပ်က နေစရာနှင့်စားနပ်ရိက္ခာများထောက်ပံ့ပေးထား ကြောင်း ထိုင်းသံရုံးက ထပ်မံသတင်းထုတ်ပြန်ထားသည်။ အဆိုပါထိုင်းနိုင်ငံသား(၁၂ဝ)ဦး၏ အမည်များကို ပေးပို့ ရန် မြန်မာအာဏာပိုင်များကို ထိုင်းသံရုံးက တောင်းဆိုထားကြောင်းလည်း သိရသည်။
ထို့အပြင် လောက်ကိုင်မြို့တွင် ကျန်ရှိနေသေးနိုင်သော ထိုင်းနိုင်ငံသားများကို ရှာဖွေရန်နှင့် အကူအညီများ ထောက်ပံ့ပေးရန် လောက်ကိုင်ရှိလူဝင်မှုကြီးကြပ်ရေးရုံးကို ထိုင်းသံရုံးက တောင်းဆိုခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသားများကို နေရပ်ပြန်ပို့ရေးနှင့်ပတ်သက်ပြီး ထိုင်းသံရုံးသည် မြန်မာအာဏာပိုင်များနှင့်ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း Kanchana Patarachok ကပြောကြားခဲ့သည်။
Kanchana Patarachok က "သူတို့တွေအာလုံးဟာ ထိုင်းနိုင်ငံကို ရန်ကုန်မြို့ကနေ လေကြောင်းမှတစ်ဆင့် ပြန်လာနိုင်သလို တာချီလိတ်မြို့ကနေ ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင်ကို ကုန်းလမ်းကနေတစ်ဆင့် ပြန်လာနိုင်ပါ တယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်စစ်သား တစ်ဝက်ကျော် အဝလွန်နေဟု လေ့လာမှုစစ်တမ်းတစ်ရပ်တွင် ဖော်ပြ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း