ပြင်သစ်မှာ ဗုံးခွဲဖို့ ခြိမ်းခြောက်မှုနဲ့ ဆယ်ကျော်သက်တစ်ဦး ဖမ်းဆီးခံရ
ရောင်နီ (NSS)- အောက်တိုဘာလ ၂၁
ပြင်သစ်နိုင်ငံ လေဆိပ်၊ စာသင်ကျောင်းတွေ နဲ့ အထင်ကရ နေရာတွေမှာ ဗုံးခွဲဖို့ ကြိုးပမ်းမှုတွေကို ရပ်တန့်ဖို့လုပ်ဆောင်နေချိန်အတွင်း ပဲရစ်မြို့အပြင်ဘက် စာသင်ကျောင်းတစ်ကျောင်းမှာ ဗုံးဖောက်ခွဲဖို့ ခြိမ်းခြောက်မှုတစ်ခုပြုလုပ်ခဲ့ခြင်းကြောင့် အသက်၁၆ နှစ်အရွယ်ဆယ်ကျော်သက် အမျိုးသားတစ်ဦးကို အာဏာပိုင်တွေက သောကြာနေ့ (အောက်တို ဘာလ ၂၀ ရက်)မှာ ဖမ်းဆီးခဲ့တယ်လို့ ရဲသတင်းရင်းမြစ်တွေအရ သိရပါတယ်။
အစ္စရေးနိုင်ငံကို ဟားမတ်စ်တိုက်ခိုက်မှု၊ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဆက်လက်ချေမှုန်းမှုတွေ ဖြစ်ပေါ်နေချိန်၊ ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်သစ်နိုင်ငံမြောက်ပိုင်း အာရက်စ်မြို့မှာ ကျောင်းဆရာတစ်ဦးကို ဓားနဲ့ထိုးမှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံမှာ အလားတူ ခြိမ်း ခြောက်မှုတွေ အရှိန်အဟုန်မြင့်လာခဲ့ပါတယ်။ အခုဖြစ်စဉ်ကတော့ ကြာသပတေးနေ့ (အောက်တိုဘာလ ၁၉ ရက်) က ပဲရစ်မြို့အနောက်မြောက်ပိုင်း၊ စိန့်အော်ရန်အိုင်အူမွန် စာသင်ကျောင်းကို ဆယ်ကျော်သက်တစ်ဦးက ဗုံးခွဲဖို့ ခြိမ်းခြောက်ခဲ့မှု ပြုလုပ်ခဲ့တာပါ။
အထိတ်တလန့်ဖြစ်ခဲ့ပြီး ကျောင်းသား တစ်ထောင်ဝန်းကျင် အပါအဝင် လူပေါင်း ၁၂၀၀ ခန့် နေရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ ဆယ်ကျော်သက်ရဲ့ ဗုံးခွဲမှု ရည်ရွယ်ချက် အတိအကျကို မသိရသေးပါဘူး။ အဆိုပါ ဗုံးခြိမ်းခြောက်မှုတွေကြောင့် ပြင်သစ်အာဏာပိုင်တွေဟာ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့မှာပဲ ဖမ်းဆီးမှု ၁၈ ခုထိ ပြုလုပ်ခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီး ဂါရက်ဒါမနင်က ပြောကြားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့အပြင်ဘက်ရှိ အဓိကလေဆိပ်အများစုဟာ ဗုံးခြိမ်းခြောက်မှုပစ်မှတ်တွေဖြစ်ခဲ့ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ၊ နာရီပေါင်းများစွာ ကြန့်ကြာမှုတွေရှိခဲ့ကာ လေကြောင်းခရီးစဉ် ဒါဇင်များစွာကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ လုပ်ရပ်မျိုး ကျူးလွန်သူတွေကို ထောင်ဒဏ် ၂ နှစ်နဲ့ ဒဏ်ငွေ ယူရို ၃၀၀၀၀ (အမေရိကန်ဒေါ်လာ ၃၁၇၀၀) ချမှတ်နိုင်ပြီး ပြစ်ဒဏ်တွေ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း အစိုးရက သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း သတင်းထူးများ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း