ရုရှားနှင့်မြောက်ကိုရီးယားကြား ဆက်ဆံရေးသည် မဟာဗျူဟာမြောက်အဆင့်တစ်ခုသို့ရောက်ရှိသွားပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော
Pika (NSS) - အောက်တိုဘာ ၁၉
ရုရှားနှင့်မြောက်ကိုရီးယားကြား ဆက်ဆံရေးသည် ပိုမိုကောင်းမွန်သည့် မဟာဗျူဟာမြောက်အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဆာဂေးလာရော့ဗ်သည် အောက်တိုဘာလ(၁၈)ရက်တွင် မြောက်ကိုရီးယားနိုင်ငံသို့သွားရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ရုရှားသမ္မတပူတင်သည် ပိုးလမ်းမရပ်ဝန်းစီမံကိန်းဖိုရမ်အတွက် တရုတ်နိုင်ငံသို့ သွားရောက်နေသည့်အချိန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်သည် မြောက်ကိုရီးယားနိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ခရီးသွားရောက်ခဲ့ခြင်းဖြစ်သည်။ ဆာဂေးလာရော့ဗ်၏ အလည်အပတ်ခရီးစဉ်သည် မြောက်ကိုရီးယားနိုင်ငံသို့ ရုရှားသမ္မတပူတင် အလည်အပတ်သွား ရောက်နိုင်ချေရှိသည့် အနာဂတ်ခရီးစဉ်အတွက် အစပျိုးမှုတစ်ခုဖြစ်နိုင်ဖွယ်ရှိကြောင်း ပြောဆိုမှုများလည်းရှိနေသည်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son Hui က "ရုရှားနဲ့မြောက်ကိုရီးယားနိုင်ငံကြား ဆက်ဆံရေးဟာ ပိုမိုကောင်းမွန်တဲ့ မဟာဗျူဟာမြောက်အဆင့်တစ်ခုကိုရောက်ရှိသွားပါပြီ"ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ယူကရိန်းစစ်ပွဲတွင် ရုရှားကို ထောက်ခံသည့် မြောက်ကိုရီးယား၏လုပ်ရပ်များကို ကျေးဇူးတင်ကြောင်း ဆာဂေးလာရော့ဗ်က ပြောဆိုခဲ့သည်။ ဆာဂေးလာရော့ဗ်က "ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားကို ထောက်ခံအားပေးတဲ့ မြောက်ကိုရီးယားရဲ့လုပ်ဆောင်မှုတွေကို ကျွန်တော်တို့တန်ဖိုးထားပါတယ်"ဟု ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ရုရှားနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ပြီး မြောက်ကိုရီးယား-ရုရှားကြားဆက်ဆံရေးကို နံပါတ်တစ် ဦးစားပေးအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ကင်ဂျုံအန်း၏ခရီးစဉ်နှင့်ပတ်သက်ပြီး မြောက်ကိုရီးယားက ရုရှားကို စစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးနိုင်သည်ဆိုသည့်အချက်အပေါ် အနောက်အုပ်စုနိုင်ငံများကြား စိုးရိမ်မှုများပိုမိုမြင့်တက်လာခဲ့ကြောင်းလည်း သိရသည်။
မြောက်ကိုရီးယားသည် ယူကရိန်းနှင့်စစ်ပွဲတွင် အသုံးပြုရန်အတွက် စစ်လက်နက်ပစ္စည်းများနှင့် ခဲယမ်း မီးကျောက်များပါဝင်သည့် ကွန်တိန်နာ(၁)ထောင်ကျော်ကို ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ရုရှားဆီသို့ ပေးပို့ခဲ့ကြောင်း အမေရိကန်အစိုးရက စွပ်စွဲပြောဆိုခဲ့သည်။ အပြန်အလှန်အနေဖြင့် မြောက်ကိုရီးယားသည် ရုရှားထံမှ ဒုံးကျည်နည်းပညာများကို လက်ခံရယူနိုင်ဖွယ်ရှိနေကြောင်း အမေရိကန်အစိုးရက ပြောခဲ့သည်။ အမေရိကန်၏ပြောဆိုချက်များကို ရုရှားအစိုးရက ငြင်းဆန်ပယ်ချခဲ့ပြီး အမေရိကန်သည် လက် နက်တင်ပို့သည်ဆိုသည့် သက်သေအထောက်အထားများမရှိဘဲ စွပ်စွဲပြောဆိုနေခြင်းမျိုးသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားဝင်လိုင်စင်မရှိဘဲ အခကြေးငွေယူ၍ ဒူဘိုင်းသို့အလုပ်သမားပို့ဆောင်ခဲ့သူများအား အလုပ်နှင့်ထောင်ဒဏ်ချမှတ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ