ပြည်ပရောက်လုပ်သားများ နှင့် သင်္ဘောသားများ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်တင်ပြနိုင်မှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်
NSS - အောက်တိုဘာ ၁၈
ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများကိုင်ဆောင်သော Passport For Job (PJ) နှင့် သင်္ဘောသားများအား ထုတ်ပေးထားသော Passport For Seaman (PS) ကိုင်ဆောင်ထားသူများသည် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်တင်ပြနိုင်မှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က အောက်တိုဘာလ ၁၆ ရက်တွင်ကြေညာချက် ထုတ်ပြန်ထားသည်။
ရွှေ့ပြောင်းလုပ်သားများသည် မိမိတို့ ကိုင်ဆောင်ထားသည့် PJ နှင့် PS နိုင်ငံကူးလက်မှတ် အမျိုးအစားများအတွက် သက်တမ်းတိုး လာရောက်လျှောက်ထားရာ၌ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည် တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးထားသော အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာ သက်တမ်းတိုးပေးခြင်းလုပ်ငန်းစဥ်ကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အခွန် မဖြစ်မနေဆောင်ရမယ့် သဘောဖြစ်သွားတာပေါ့။ အခွန်မဆောင်ရင် မြန်မာနိုင်ငံမှာ ရှိနေတဲ့သူတွေကလည်း နိုင်ငံခြားပြန်ထွက်လို့ မရဘူး၊ နိုင်ငံခြားမှာရှိနေတဲ့သူတွေကလည်း ပြည်ပနိုင်ငံတွေမှာ ဆက်နေလို့မရတော့တဲ့သဘောပေါ့"ဟု ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားပို့ဆောင်နေသည့်အေဂျင်စီ ပိုင်ရှင် တစ်ဦးက ပြောသည်။
ပြည်တွင်းအခွန်များဦးစီးဌာနက လက်ရှိပြည်တွင်း၌ ဝင်ငွေခွန် ကောက်ခံရာတွင် တစ်နှစ်ဝင်ငွေ ကျပ်သိန်း ၂၀ မှ ၅၀ ရရှိပါက အခွန် ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ မှ ၁၀၀ ရရှိပါက ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀ မှ ၂၀၀ ရရှိပါက ၁၅ ရာခိုင်နှုန်း၊ သိန်း ၂၀၀ မှ ၃၀၀ ရရှိပါက ၂၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀ အထက် ရရှိပါက ၂၅ ရာခိုင်နှုန်း စသဖြင့် ကောက်ခံလျက်ရှိသည်။
အလုပ်သမားဝန်ကြီးဌာနက ပြည်ပရောက် မြန်မာလုပ်သားများအား လစဥ် လစာ၏၂၅ ရာခိုင်နှုန်းကိုဖြစ်စေ၊ အများဆုံး သုံးလစာ၏ ၂၅ ရာခိုင်နှုန်းကိုဖြစ်စေ တရားဝင်လမ်းကြောင်းမှ လွှဲပို့ရမည်ဟု သြဂုတ်လကုန်ပိုင်းက ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ စတင်ကာ ပြည်ပရောက် မြန်မာလုပ်သားများ၏ လစာအပေါ်ရရှိသော နိုင်ငံခြားငွေ အမျိုးအစားအလိုက် ဝင်ငွေခွန်ပေးဆောင်ရမည်ဟု ကြေညာထားခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-18 / 2:15 PM)
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ