NCA သည် ငြိမ်းချမ်းမှုထံဦးတည်သော စာချုပ်တစ်ရပ်ဖြစ်ပြီး စာချုပ်ပါ ကတိကဝတ်များကို လိုက်နာရန် အိန္ဒိယ နှင့် ထိုင်းနိုင်ငံတို့ တိုက်တွန်း
မျိုးကြီး (NSS) - အောက်တိုဘာ ၁၅
NCA သည် ငြိမ်းချမ်းမှုထံ ဦးတည်သော စာချုပ်တစ်ရပ်ဖြစ်ပြီး စာချုပ်ပါ ကတိကဝတ်များကို လိုက်နာစောင့်ထိန်းရန် အိန္ဒိယ နှင့် ထိုင်းနိုင်ငံတို့က တိုက်တွန်းတောင်းဆိုခဲ့သည်။
ယနေ့(အောက်တိုဘာလ ၁၅ ရက်)တွင် နေပြည်တော်ရှိ MICC-2 ၌ ကျင်းပသော NCA (၈)နှစ်ပြည့်အခမ်းအနားတွင် NCA စာချုပ်၌ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့သော ထိုင်း နှင့် အိန္ဒိယနိုင်ငံတို့က အထက်ပါကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနား၌ အိန္ဒိယနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် မစ္စတာဗစ်ခရမ်မစ်ဆရီက တက်ရောက်မိန့်ခွန်းပြောကြားတွင် “NCA ဟာ စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တစ်ရပ်သာမကဘဲ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ နိုင်ငံသားများအားလုံး ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ကာ အကြမ်းဖက်မှုများနဲ့ ပဋိပက္ခများမှ ကင်းဝေးတဲ့နိုင်ငံ တစ်နိုင်ငံအဖြစ် တည်ထောက်လိုတဲ့ မြန်မာနိုင်ငံသားအားလုံးရဲ့ မျှော်လင့်ချက်ရောင်ခြည်တစ်ရပ်လည်း ဖြစ်ပါတယ်”ဟု ပြောသည်။
NCA စာချုပ်၏ အနှစ်သာရဖြစ်သည့် တိုင်းရင်းသားပဋိပက္ခများနှင့် မတူကွဲပြားမှုများအား ငြိမ်းချမ်းရေးကိုအခြေခံကာ ဖြေရှင်းဆောင်ရွက်ရေး ကြိုးပမ်းသွားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
“NCA ယန္တရားကို ပိုမိုခိုင်မာစေဖို့၊ စာချုပ်ပါ ကတိကဝတ်တွေကို လိုက်နာစောင့်ထိန်းဖို့၊ လေးနက်ပြီးအနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ဖို့အတွက် NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းများအားလုံးကို အိန္ဒိယနိုင်ငံမှ တိုက်တွန်းတောင်းဆိုလိုပါတယ်”ဟု အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်က ပြောသည်။
အလားတူ ယနေ့ NCA အခမ်းအနားသို့ တက်ရောက်ခဲ့သော ထိုင်းနိုင်ငံခြားရေးဒုဝန်ကြီး Mr. Sihasak Phuangketkeow က ထိုင်းနိုင်ငံအနေဖြင့် လွန်ခဲ့သော (၈)နှစ်ခန့်ကပင် အပြည့်အဝထောက်ခံအား ပေးခဲ့ကြောင်းနှင့် ယင်းကဲ့သို့ထောက်ခံမှုသည် ယနေ့အထိ တစ်သမတ်တည်း ဆက်လက်တည်ရှိနေဆဲ ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် ပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးမှုများကို အခြေခံကာ မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဖော်ဆောင်သွားရမည်ဟုလည်း ၎င်းက အကြံပြုထားသည်။
“မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းများအားလုံးအနေနဲ့ ယခုလမ်းကြောင်းအတိုင်း ပြီးမြောက် အောင်မြင်အောင် ဆက်လက်လျှောက်လှမ်းသွားကြရန် ထိုင်းနိုင်ငံအနေနဲ့ တိုက်တွန်းအပ်ပါတယ်” ဟု ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးက ပြောသည်။
ယနေ့ကျင်းပသည့် NCA အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် နစကမှ တာဝန်ရှိသူများ၊ သမ္မတဦး သိန်းစိန်အစိုးရလက်ထက် ဒုသမ္မတ(၂)ဦးနှင့် အခြားသော တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ထို့ပြင် ယင်းအခမ်းအနားသို့ EAO များဘက်မှ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်အပါအဝင် DKBA၊ KNU/KNLA-PC၊ PNLO၊ ABSDF၊ ALP၊ NMSP၊ LDU တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
NCA (၈)နှစ်ပြည့်အခမ်းအနားသို့ မြန်မာနိုင်ငံအခြေစိုက် ကိုရီးယား၊ လာအို၊ ဗီယက်နမ်၊ ဆော်ဒီ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၁၅ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ