တပ်မတော်ကို မုန်းတီး၍ ပေါ်လာသော EAO အဖွဲ့ ယနေ့အထိ မရှိခဲ့ကြောင်း နှင့် နိုင်ငံအချို့က ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေဟု တပ်ချုပ်ပြော
မျိုးကြီး (NSS) - အောက်တိုဘာ ၁၅
တပ်မတော်ကို မုန်းတီး၍ ပေါ်လာသော EAO အဖွဲ့ ယနေ့အထိ မရှိခဲ့ကြောင်း နှင့် နိုင်ငံအချို့က ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေကြောင်း တပ်ချုပ်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(အောက်တိုဘာလ ၁၅ ရက်)တွင် နေပြည်တော်ရှိ MICC-2 ၌ကျင်းပသည့် NCA လက်မှတ်ရေးထိုးခြင်း(၈)နှစ်ပြည့်အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားများအပေါ် နယ်ချဲ့တို့၏ နှစ်ပေါင်းများစွာ သွေးခွဲခဲ့မှုနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လူမျိုးစုလွတ်မြောက်ရေးဆိုသော သွေးထိုးမှုများကြောင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ တစ်စတစ်စ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟု တပ်ချုပ်က ပြောသည်။
“တပ်မတော်ကို မုန်းတီးလို့ ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ယနေ့အထိ မရှိခဲ့ပါဘူး။ နိုင်ငံရေးအယူအဆ ကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြရာက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေရခြင်းသာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးခါစအချိန်မှစ၍ လက်ရှိအချိန်အထိ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်လျက်ရှိပြီး ပဋိပက္ခအရှည်ကြာဆုံး နိုင်ငံတစ်ခုလည်းဖြစ်သည်။
ဆက်လက်ပြီး တပ်ချုပ်က “ဒီမိုကရေစီရေးကို ဆောင်ရွက်နေပါတယ်ဆိုသူတွေကိုယ်တိုင်က မဲမသမာမှုတွေ ဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့အညီ ဒီမိုကရေစီနည်းလမ်းကျဖြေရှင်းခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာကွယ်နေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံအချို့ကလည်း ဒီမိုကရေစီစနစ်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးတာတွေ၊ မြှောက်ထိုးပင့်ကော် ပြုလုပ်နေတာကို တွေ့ရပါတယ်”ဟု ပြောသည်။
၎င်းကဲ့သို့ လုပ်ရပ်များသည် ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေသည့်အပြင် ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးခြင်းသာဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှတ်ချက်ပြုခဲ့သည်။
သို့သော် နစကအစိုးရအနေဖြင့် အထက်ပါကဲ့သို့ အခြေအနေများရှိနေသော်လည်း လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမည်ဟု ကတိပြုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စောမူးတူးစေးဖိုးနှင့် ဦးယွက်စစ်ကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဘာပြောခဲ့လဲ..?
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ