အာရှဖလားဖူဆယ်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း
ရဲပြည့် (NP News) - အောက်တိုဘာ ၁ဝ
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အာရှဖူဆယ်ခြေစစ်ပွဲ အုပ်စု (C)တွင် ပါလက်စတိုင်း ၊ အိန္ဒိယတို့ကို အနိုင်ကစားခဲ့ပြီး အာရှအဆင့်ခြေစစ်ပွဲကို အောင်မြင်ပြီး အာရှဖလား ဖူဆယ်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အုပ်စု(E) ၏ ဒုတိယမြောက်ပွဲစဉ်အဖြစ် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၅ဂိုး -၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာလက်ရွေးစင်ဖူဆယ်အသင်း နှင့် အိန္ဒိယဖူဆယ်အသင်းတို့သည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အုပ်စု(E)၏ ဒုတိယမြောက်ပွဲစဉ်အဖြစ် အောက်တိုဘာလ ၉ ရက်၊ ညနေ(၅)ခွဲအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် သိုင်းဖွဲ့အောင်၊ မျိုးသက်အောင်တို့၏ သွင်းဂိုးများအပြင် ပြိုင်ဘက်အသင်း၏ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ပထမပိုင်းတွင် ၃ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဒုတိယပိုင်းတွင် အိန္ဒိယအသင်းက ချေပဂိုးတစ်ဂိုးထပ်မံရရှိခဲ့သော်လည်း မြန်မာအသင်းအတွက် မျိုးသက်အောင်နှင့် လှိုင်မင်းထွန်းတို့က ဂိုးများထပ်မံသွင်းယူနိုင်ခဲ့ခြင်းကြောင့် ပွဲအပြီးတွင် ၅ ဂိုး -၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယခုနိုင်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံဖူဆယ် နှင့် သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က “ဒီနိုင်ပွဲက မြန်မာဖူဆယ်လောကတစ်ခုလုံးကို ကိုယ်စားပြုပါတယ်။ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ အသင်းပိုင်ရှင်တွေ၊ နည်းပြတွေ၊ ကစားသမားတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်ကလည်း ပါလက်စတိုင်းအသင်းကို (၂ ဂိုး - ၁ ဂိုး)ဖြင့်အနိုင်ရရှိခဲ့ပြီး နှစ်ပွဲဆက်အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။
အဆိုပါပွဲစဉ်နှင့်ပတ်သက်၍ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနည်းပြချုပ် Mr. Bunlert Charoenwong က “ကစားသမားတွေအားလုံး ကျွန်တော့်ရဲ့နည်းစနစ်အတိုင်း ကစားနိုင်ခဲ့ပြီး အကောင်းဆုံးပုံစံပြသနိုင်ခဲ့တယ်။ ဒီနိုင်ပွဲအတွက် ကစားသမားတွေ၊ အသင်းက တာဝန် ရှိသူတွေနဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အုပ်စု(E) တတိယမြောက်ပွဲစဉ်အဖြစ် အိမ်ရှင် တာဂျစ်ကစ္စတန် အသင်းနှင့် အောက်တိုဘာလ ၁၁ ရက် မြန်မာစံတော်ချိန် ည ၈ နာရီခွဲအချိန်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် အနိုင်ရရှိသည့် အသင်းသည် အုပ်စုဗိုလ်နေရာဖြင့် ရပ်တည်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မောင်းပြန်သေနတ် ၂ လက်နှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသော PDF အဖွဲ့ဝင်(၁၂)ဦးအား နစကမှ ငွေကျပ်သိန်း (၃၀၀)ကျော် ထောက်ပံ့
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း