ထိုင်းသံအမတ်ကြီးဟောင်းကို နေအိမ်တွင် သေဆုံးလျက်တွေ့ရှိဟု ထိုင်းရဲတပ်ဖွဲ့ပြော
Pika (NSS) - အောက်တိုဘာ ၉
ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို ဘန်ကောက်မြို့ Chatuchak ခရိုင်ရှိ အဆင့်မြင့်အိမ်ရာတစ်ခုတွင် အောက်တိုဘာလ(၈)ရက်၊နံနက်ပိုင်းက သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သတင်းများ၏ဖော်ပြချက်အရသိရသည်။
အဆိုပါနေအိမ်ထံမှ အပုပ်နံ့များထွက်လာသည်ဟု ဆောက်လုပ်ရေးလုပ်သားတစ်ဦး၏ တိုင်ကြားချက်ကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပြီးနောက် အရေးပေါ် ဝန်ဆောင်မှုများနှင့် မှုခင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို Vibhavadi Rangsit Soi 20 ရပ်ကွက်ရှိ သုံးထပ်တိုက်အဆောက်အဦးသို့ စေလွှတ်ခဲ့ကြောင်း Sutthisan ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဆောက်လုပ်ရေးလုပ်သားတစ်ဦးက "ကျွန်တော်တို့ကို နေအိမ်ကို ပြုပြင်ဖို့ ချိန်းထားတာပါ။ ကျွန်တော်တို့ရောက်တော့ တံခါးကိုခေါက်ခဲ့ပေမယ့် ဘာတုံ့ပြန်မှုမှမရှိခဲ့ပါဘူး။ ပြီးတော့ အပုပ်နံ့ရခဲ့တဲ့အတွက် သံသယဖြစ်လာပြီး ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့တာပါ"ဟု ပြောဆိုခဲ့သည်။
ရဲတပ်ဖွဲ့သည် အဆိုပါနေအိမ်၏ တံခါးကိုချိုးဖျက်ဝင်ရောက်ပြီးနောက် ရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ ဒုတိယထပ်ရှိ ရေချိုးခန်းထဲတွင် ကတ်ထူပုံးများဖြင့် ဖုံးအုပ်ထားသော သက်ကြီးရွယ်အိုတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအမျိုးသားသည် လွန်ခဲ့သည့် သီတင်း ပတ်ခန့်က သေဆုံးခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
အဆိုပါအမျိုးသားသည် နေအိမ်ကို ပြုပြင်ပြီးနောက် ပြီးခဲ့သည့်တစ်လခန့်က ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးတည်းနေထိုင်ခဲ့ကြောင်း မျက်မြင် သက်သေများက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် အဆိုပါနေအိမ်တွင် အလုပ်လုပ်သော ပန်းချီဆရာတစ်ဦး၏သားနှစ်ယောက်ထဲမှ တစ်ယောက်၏ ဓါတ်ပုံများပါဝင်သည့် CCTV မှတ်တမ်းများကိုလည်း စစ်ဆေးနေကြောင်းသိရသည်။ အဆိုပါပန်းချီဆရာ၏သားဖြစ်သူကို မေးမြန်းခြင်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ထိုင်းသတင်းများ၏ဖော်ပြချက်အရ အဆိုပါလူသတ်မှုကို အသက်(၁၉)နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ မြန်မာနိုင်ငံသားသည် ဒိန်းမတ်နိုင်ငံ ထိုင်းသံအမတ်ကြီးဟောင်းနှင့် ရင်းနှီးသူဖြစ်ပြီး လူသတ်မှုကျူးလွန်ပြီးချိန်တွင် နေအိမ်အတွင်းမှ ငွေကြေးများနှင့် တန်ဖိုးရှိပစ္စည်းများကိုယူဆောင်သွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှိုင်သာယာမြို့၌ Hijet နှင့် အိမ်စီးကားတို့ တိုက်မိခဲ့ရာမှ အမျိုးသား (၅)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း