နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ရွေးချယ်မှုနှင့်ပတ်သက်ပြီး အီရန်အစိုးရ ပြစ်တင်ရှုတ်ချ
Pika (NSS) - အောက်တိုဘာ ၈
အီရန်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခဲ့သော နိုဘယ်ဆုရွေးချယ်ရေးကော်မတီ၏လုပ်ရပ်ကို အီရန်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ရပ်သည် နိုင်ငံရေးအရ လှုံ့ဆော်ပေးခြင်းမျိုးဖြစ်ပြီး နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရသည့် အမျိုးသမီးမှာ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ကြောာင်း အီရန်အစိုးရက စွပ်စွဲပြောဆိုခဲ့သည်။
နိုဘယ်ဆုရွေးချယ်ရေးကော်မတီသည် အကျဉ်းကျနေသော အီရန်အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် နာဂက်စ် မိုဟမ်မာဒီကို ၂ဝ၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် သတ်မှတ်ရွေးချယ်ခဲ့ပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
နိုဘယ်ဆုရွေးချယ်ရေးကော်မတီသည် အီရန်နိုင်ငံကို ဆန့်ကျင်နေသော အချို့ဥရောပနိုင်ငံများ၏ မူဝါဒများနှင့်အညီ နိုင်ငံရေးအရ လှုံ့ဆော်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသား Nasser Kanaani က ဝေဖန်ပြောဆိုခဲ့သည်။
၎င်းက "နိုဘယ်ဆု ရွေးချယ်ရေးကော်မတီဟာ ဥပဒေချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အပြစ်တွေ့ရှိထားတဲ့သူကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ နိုဘယ်ဆုရွေးချယ်ရေးကော်မတီရဲ့လုပ်ရပ်တွေကို ကျွန်တော်တို့ ပြစ်တင်ရှုတ်ချပါတယ်၊၊ ဒါဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုတစ်ခုပဲ ဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။
နာဂက်စ် မိုဟမ်မာဒီသည် အီရန်နိုင်ငံရှိ အမျိုးသမီးများ၏ အခွင့်အရေးအတွက် ရုန်းကန်မှုများကို အားပေး ထောက်ခံခဲ့သော တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သောကြောင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း နိုဘယ်ဆုရွေးချယ်ရေးကော်မတီ က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် နာဂက်စ် မိုဟမ်မာဒီသည် အီရန်အစိုးရဆန့်ကျင်ရေးမူဝါဒများ ဖြန့်ဝေမှု၊ အီရန်၏ လုံခြုံရေးတို့ကို ခြိမ်းခြောက်မှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရပြီး ထောင်ဒဏ်(၁ဝ)နှစ်ကျခံနေရသူဖြစ်သည်။ ထို့အပြင် နိုဘယ်ဆုရွေးချယ်ရေးကော်မတီသည် အနောက်အုပ်စုနိုင်ငံအချို့၏ လျှို့ဝှက်သောမူဝါဒများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသူများကို ဆုချီးမြှင့်မည့်အစား ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် တရားမျှတမှုဆိုင်ရာကိစ္စရပ်များကို မြှင့်တင်ပေးရန်ကြိုးပမ်းနေသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းများကိုသာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်သင့် ကြောင်း Nasser Kanaani က ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနှင့် ဟားမတ်စ်စစ်သွေးကြွအဖွဲ့များကြား ဖြစ်ပွားနေသောစစ်ပွဲကြောင့် နှစ်ဖက်စလုံးမှ သေဆုံးသူဦးရေ အနည်းဆုံး(၆၆၃)ဦးအထိ မြင့်တက်လာ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း