ကမ္ဘာကြီးဟာ တင်းမာမှုတွေနဲ့ ပဋိပက္ခတွေ တဟုန်ထိုး တိုးလာနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃
လက်ရှိအချိန်မှာ ကမ္ဘာကြီးဟာ ကြီးမားတဲ့စိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်နေရပြီး မညီမျှမှုတွေ၊ တင်းမာမှုတွေနဲ့ ပဋိပက္ခတွေ တဟုန်ထိုး တိုးလာသလို ရာသီဥတု ဖောက်ပြန်မှုဒဏ်တွေကိုလည်း ဆိုးဆိုးရွားရွား ခံနေရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ဟာ အောက်တိုဘာ ၃ ရက်နေ့မှာ ကျရောက်နေတဲ့ နိုင်ငံတကာ အကြမ်းမဖက်ရေးနေ့မှာ မိန့်ခွန်းပြောဆိုချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ဂူတာရက်စ်က "ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာအကြမ်းမဖက်ရေးနေ့ဟာ မဟတ္တမ ဂန္ဒီမွေးနေ့ကို အထိမ်းအမှတ်ပြုတာဖြစ်သလို အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ တရားမျှတမှုနဲ့ အကြမ်းမဖက်ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်မှုရဲ့အစွမ်းသတ္တိ စတဲ့ သူအမြဲ ရပ်တည်ကာကွယ်ခဲ့တဲ့တန်ဖိုးတွေကို အသိအမှတ်ပြုတာလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ခြိမ်းခြောက်ခံနေရတာ၊ အမုန်းစကားတွေနဲ့ ချီတက်ဆန္ဒပြမှုတွေကို လက်မခံတာတွေနဲ့ပတ်သက်လို့ နိုင်ငံတွေ အချင်းချင်းကြား သဘောထားကွဲလွဲမှုတွေ ပိုမိုနက်ရှိုင်းလာတာကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်" လို့ ပြောပါတယ်။
ဂူတာရက်စ်က အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေး ဖခင်ကြီးဂန္ဒီ နားလည်ခဲ့သလို လူ့လောက မိသားစုကမ္ဘာရဲ့အံ့ဖွယ် ဘနန်း မတူကွဲပြားမှုဟာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘဲ ရတနာတပါးသာဖြစ်တယ်ဆိုတဲ့အချက်ကို နားလည်ကြရမှာဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းတွေကြား သဟဇာတဖြစ်မှု အတူပေါင်းစည်းမှုတွေမှာ ရင်းနှီးမြှုပ်နှံကြရမှာဖြစ်ပြီး ညှိနှိုင်းဆောင်ရွက်ဖို့ သတ္တိနဲ့အတူလက်တွဲလုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ကို ပြုစုပျိုးထောင်ကြရမှာဖြစ်ကြောင်း ပြောပါ တယ်။
ဂူတာရက်စ်က "အဆင့်အတန်း၊ နောက်ခံအကြောင်းတရား၊ အခြေအနေ ဒါမှမဟုတ် ကိုးကွယ်ယုံကြည်မှုတွေကို ပဓာနမထားဘဲ ကျွန်တော်တို့အားလုံး ဂုဏ်သိက္ခာရှိပြီး အခွင့်အရေးတွေနဲ့ အခွင့်အလမ်းတွေပိုင်ဆိုင်တဲ့ဘဝတွေမှာ နေထိုင်နိုင်ကြရပါမယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစကဥက္ကဋ္ဌနှင့် KNU ဥက္ကဋ္ဌဟောင်း ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံမှုသည် KNU နှင့် ပတ်သက်ခြင်းလုံးဝမရှိဟု ထုတ်ပြန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ