အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်မှာ အမိုးနီးယားဓာတ်ငွေ့တွေ တင်ဆောင်လာတဲ့ ထရပ်ကားနဲ့ ယာဉ်မတော်တဆဖြစ်ခြင်းကြောင့် လူငါးဦး သေဆုံး
ရောင်နီ ( NSS) - အောက်တိုဘာ ၁
အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ် တောင်ပိုင်းမှာ အမိုးနီးယားဓာတ်ငွေ့တွေ ဂါလန်ထောင်ပေါင်းများစွာ တင်ဆောင်လာတဲ့ ထရပ်ကားတစ်စီးနဲ့ ယာဉ်မတော်တဆဖြစ်ခြင်းကြောင့် ယာဉ်ပေါင်းများစွာ တိမ်းမှောက်ခဲ့ပြီးလူငါးဦး သေဆုံးကာ နောက်ထပ်လူငါးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက စနေနေ့(စက်တင်ဘာ ၃ဝ ရက်) မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါမတော်တဆမှုဟာ စိန့်လူးဝစ်မြို့ အရှေ့မြောက်ဘက် ၁ဝ၅ မိုင်ခန့်အကွာ Effingham ကောင်တီရှိ Teutopolis မြို့အနီးမှာ သောကြာနေ့ (စက်တင်ဘာ ၂၉ ရက်) နောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
အစောပိုင်းခန့်မှန်းချက်တွေအရ အမိုးနီးယား ဂါလန် ၄ဝဝဝ ဖိတ်စင်ခဲ့တယ်လို့ ယူဆရပြီး လူ ၅ဝဝ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရတယ်လို့ အီလီနွိုက်စ် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေမှာ အသက် ၁၂ နှစ်အောက် ကလေးနှစ်ဦး ပါဝင်ပြီး သေဆုံးသူ ၃ ဦးဟာ တစ်မိသားစုတည်းမှဖြစ်တယ်လို့ Effingham County Coroner ရုံးမှ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒဏ်ရာရရှိသူ ငါးဦးကို ဒေသဆိုင်ရာ ဆေးရုံတွေကို ပို့ဆောင်ထားပါတယ်။
ဒီဖြစ်ရပ်ကို ပြန်လည်သုံးသပ်မယ်လို့ အမေရိကန်အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့က ပြောကြားခဲ့ပါတယ်။ အမိုးနီးယားဟာ အတိအကျပြောရရင် လူ့ခန္ဓာကိုယ်အပေါ် နာတာရှည် သက်ရောက်မှုမရှိပေမယ့် လေထုထဲက ၎င်းဓာတ်ငွေ့တွေနဲ့ ထိတွေ့မိတဲ့အခါ မျက်လုံး၊ လည်ချောင်းနဲ့ အသက်ရှုလမ်းကြောင်းတို့ကို အလွန်ယားယံစေနိုင်တယ်လို့ OSHA က ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဟာအောင်မြေမြို့နယ်၌ အမျိုးသားတစ်ဦး အရိုက်ခံရ၍ မျက်နှာတွင် ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း