ကျောက်တံခါးမြို့နယ်ရှိ ဓာတ်အားတိုင်များကို KNU၊ PDFပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဟု ရဲတပ်ဖွဲ့ပြော
NSS - စက်တင်ဘာ ၃၀
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားတိုင်များကို KNU၊ PDFပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော စက်တင်ဘာ ၂၆ရက်၊ ည ၉နာရီ ၄၅မိနစ်အချိန်တွင် ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာအနီး၊ အနန်းဘော်-ရွာသာယာကျေးရွာသွားလမ်းဘေးရှိ ပဲနွယ်ကုန်း-ကျောက်ကြီးသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားတိုင်များအား KNU၊ PDFပူးပေါင်းအဖွဲ့က ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖောက်ခွဲဖျက်ဆီးမှုကြောင့် လျှပ်စစ်ဓာတ်အားတိုင်များရှိ 33 KV ဓာတ်အားလိုင်း ၁၂မီတာ ကွန်ကရစ်လျှပ်စစ်ဓာတ်အားလိုင်းတိုင် (၄)တိုင်၊ စင်(၂)ခုနှင့် (၁၂)မီတာ ကွန်ကရစ်ဓာတ်အားတိုင် (၃)တိုင်၊ စင်(၁)ခုတို့တွင် အောက်ခြေတိုင်အချို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဓာတ်တိုင်ခြေရင်း၌ ယမ်းများအပြည့်ထည့်ထားသည့် လက်လုပ်မိုင်းတစ်လုံးနှင့် အမြင့် ၁ပေခွဲ၊ အဝအကျယ် ၆လက်မခန့် အဝါရောင်ကော်ပုံးအတွင်း ယမ်းများအပြည့်ထည့်ထားသည့် လက်လုပ်မိုင်း တစ်လုံးတို့အား ထပ်မံတွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များက ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၂၇ရက်၊ နံနက် ၆နာရီ ၁၅မိနစ်အချိန်တွင် ကျောက်တံခါးမြို့နယ်၊ ခိုလုံကျေးရွာနှင့် ကျောက်တံခါးမြို့ကြားရှိ သာယာကုန်း-တောင်ငူအမှတ်(၂)မဟာဓာတ်အားလိုင်းတိုင်အမှတ်(၂၄၄) 230KVအား PDFအဖွဲ့က မိုင်းထောင်ဖောက်ခွဲသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖောက်ခွဲမှုကြောင့် အဆိုပါတာဝါတိုင်၏ အောက်ခြေတိုင်(၃)တိုင် ကျိုးကျကာ POGWကြိုးတစ်ချောင်း ပြတ်ကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ပျက်စီးသွားသည့်လျှပ်စစ်ဓာတ်အားတိုင်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဖောက်ခွဲမှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝေလငါးတစ်ကောင်နှင့်တိုက်မိပြီးနောက် ဩစတြေးလျငါးဖမ်းသင်္ဘောတိမ်းမှောက်ပြီး တစ်ဦးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း