နိုင်ငံပေါင်း(၂၂)နိုင်ငံက စားသောက်ကုန်တင်ပို့မှု ရပ်တန့်လိုက်ခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ်ရှိနေဟု သမ္မတဂျိုကိုဝီဒိုဒိုသတိပေး
Pika (NSS) - စက်တင်ဘာ ၃ဝ
နိုင်ငံပေါင်း(၂၂)နိုင်ငံသည် စားသောက်ကုန်တင်ပို့မှုများကို ရပ်တန့်လိုက်ခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် စားနပ်ရိက္ခာဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။
၎င်းက "နိုင်ငံပေါင်း(၂၂)နိုင်ငံဟာ ဂျုံ၊စပါး၊သကြားနဲ့ အခြားစားသောက်ကုန်တွေ တင်ပို့တာကို ရပ်တန့်လိုက်တာဟာ တကယ်ကို ဝမ်းနည်းစရာပါပဲ"ဟုပြောဆိုခဲ့သည်။
ယူဂန်ဒါ၊ ရုရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့ကဲ့သို့သော နိုင်ငံအများအပြားသည် ဂျုံနှင့် ဆန်အပါအဝင် အစားအစာများ တင်ပို့ခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ၎င်းကပြောကြားခဲ့သည်။ ယူကရိန်းနှင့် ရုရှားတို့က ဂျုံတင်ပို့မှုကို ရပ်တန့်လိုက်ခြင်းကြောင့် ဥရောပရှိဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုတွင် စားနပ်ရိက္ခာပြတ်လပ်မှုများနှင့်ကြုံတွေ့နေရကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ ရာသီဥတုဖောက်ပြန်များရှိနေမှုနှင့်အတူ လက်ရှိအချိန်တွင်ဖြစ်ပွားနေသော စားနပ်ရိက္ခာအကျပ်အတည်းကို ဖြေရှင်းရန် အဖြေများမရှိကြောင်း ဂျိုကိုဝီဒိုဒိုကပြောကြားခဲ့သည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် အင်ဒိုနီးရှားနိုင်ငံရှိ ဒေသ(၈)ခုတွင် သီးနှံများပျက်စီးခဲ့ပြီး ပြည်တွင်းစားနပ်ရိက္ခာထောက်ပံ့မှုများအပေါ် သက်ရောက်မှုများရှိလာနိုင်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပအေဂျင်စီ (BMKG) အရ အဆိုပါဒေသ(၈)ခုမှာ ဆူမားတြား၊ ဂျာဗား၊ ဘာလီ၊ Nusa Tenggara ပြည်နယ်၊ Kalimantan ပြည်နယ်တောင်ပိုင်း ၊ Sulawesi ပြည်နယ်ရှိ ဒေသအများအပြား၊ Maluku ပြည်နယ်မြောက်ပိုင်း နှင့် Papua ပြည်နယ်တောင်ပိုင်းတို့ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ပြည်တွင်းတွင် လာမည့်(၁၀)နှစ်အထိ စားနပ်ရိက္ခာဖူလုံစေရန်အတွက် အစီအစဉ်တစ်ခုလုပ်ဆောင်ရန်လိုအပ်ကြောင်း ဂျိုကိုဝီဒိုဒိုကပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏လူဦးရေသည် နှစ်စဉ်(၁ ဒသမ ၂၅)ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် လူဦးရေအရေအတွက်မှာ သန်း(၃၁၀)ထိရှိလာမည်ဟု ခန့်မှန်းထားကြကြောင်းလည်းသိရသည်။
ရာသီဥတုပြောင်းလဲမှုများအပြင် လက်ရှိဖြစ်ပွားနေသော ပထဝီဝင် နိုင်ငံရေးအခြေအနေများသည်လည်း ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာထောက်ပံ့မှုကို ထိခိုက်စေခဲ့ကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုခဲ့သည်။ ၎င်းက"ပထမဆုံး ခြိမ်းခြောက်မှုတစ်ခုကတော့ ရာသီဥတုပြောင်းလဲမှုပါ။ ဒုတိယတစ်ချက်ကတော့ ကမ္ဘာ့ပထဝီဝင်နိုင်ငံရေးအခြေအနေတွေဟာ စားနပ်ရိက္ခာထောက်ပံ့မှုတွေကို ထိခိုက်စေပါတယ်"ဟု ပြောဆိုခဲ့သည်။
ရုရှား-ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာဈေးကွက်တွင် ဂျုံထောက်ပံ့မှုများမှာ တန်ချိန်(၂၀၇)သန်းထိ ကျဆင်းသွားခဲ့ကြောင်းပြောဆိုခဲ့သည်။ ပဋိပက္ခကြောင့် ယူကရိန်းက ဂျုံတန်ချိန်(၇၇)သန်းတင်ပို့မှုကို ရပ်ဆိုင်းခဲ့ပြီး ရုရှားက ဂျုံတန်ချိန်(၁၃၀)သန်း တင်ပို့မှုကို ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။
သမ္မတဂျိုကိုဝီဒိုဒိုက "ကျွန်တော်တို့ဟာ ဂျုံတန်ချိန်(၁၁)သန်းတင်သွင်းခဲ့ပြီး တင်သွင်းမှုအားလုံးစုစုပေါင်းရဲ့ (၃၀)ရာခိုင်နှုန်းကို ယူကရိန်းနဲ့ ရုရှားတို့ဆီကနေ တင်သွင်းတာပါ"ဟုပြောဆိုခဲ့သည်။
အဆိုပါအခြေအနေများကြောင့် အာဖရိက၊ အာရှ နှင့် ဥရောပတို့တွင် အစားအသောက်ဈေးနှုန်းများ ပိုမိုမြင့်တက်လာခဲ့ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်က ၎င်း၏တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန်အတွက် ယူကရိန်းပဋိပက္ခကိုအသုံးချနေကြောင်း Defence One ဖော်ပြ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ