ငြိမ်းချမ်းရေးအတွက် တပ်ချုပ်နှင့် KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးတို့ နေပြည်တော်၌ တွေ့ဆုံ၊ ရလဒ်ကောင်းထွက်ခဲ့ကြောင်း ပဒိုရွှေမောင်းပြော
မျိုးကြီး (NSS) - စက်တင်ဘာ ၃၀
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး ဦဆောင်သောအဖွဲ့တို့သည် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့(စက်တင်ဘာလ ၃၀ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထား သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့်အတူ KNU ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ စောရောဂျာခင်၊ KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့လည်း တက်ရောက်ခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက်အကြား၌ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးတို့ တွေ့ဆုံရာတွင် ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြောဆိုဆွေးနွေးဖြစ်ခဲ့ကြောင်း ဆွေးနွေးပွဲ၌ပါဝင်သော KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းက NSS ကိုပြောသည်။
“ပြည်တွင်းငြိမ်းချမ်းရေး ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်ပဲ ပြောပါတယ်။ ဆက်လက်ဆောင်ရွက်ဖို့ဆိုရင် ငြိမ်းချမ်းအောင် ဆောင်ရွက်ကြရမှာပေါ့။ တိုက်နေကြတဲ့သူတွေကို ဆက်ပြီးတော့ မတိုက်ကြဖို့ ပြောဆိုကြရမှာပဲပေါ့။ စစ်တိုက်နေကြတဲ့လူတွေကြောင့်ပဲ မငြိမ်းမချမ်းဖြစ်နေတာ။ စစ်ပွဲတွေရှိနေလို့ပဲ ငြိမ်းချမ်းမှုတွေ မရှိနေတာ။ အဲဒါကြောင့်မိုလို့ ပစ်ခတ်တိုက်ခိုက်နေကြတဲ့လူတွေ မပစ်ကြပါနဲ့တော့လို့ ပြောရမှာပဲပေါ့”ဟု ပဒိုရွှေမောင်းက ပြောသည်။
ထိုသို့တွေ့ဆုံရာ၌ နှစ်ဖက်အကြားအကျိုးရလဒ်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ပဒိုရွှေမောင်းက “ရလဒ်ကောင်းပါတယ်။ ကောင်းတဲ့ရလဒ်တော့ ထွက်ပါတယ်။ အခြေအနေကောင်းပါတယ်” ဟု ပြောသည်။
KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးသည် လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိပြီး ငြိမ်းချမ်းရေးလိုလာသူတစ်ဦးအဖြစ် လူသိများသူလည်းဖြစ်သည်။
တပ်ချုပ်နှင့် KNU ဥက္ကဋ္ဌဟောင်းတို့ တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းရေးညီလာခံအပါအ ဝင် NCA (၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအတွက် ကောင်းမွန်သောတွေ့ဆုံမှုဖြစ်နိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က NSS ကို သုံးသပ်ပြောသည်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးကို ဟိုဘက်ဒီဘက်ကို ညှိနှိုင်းပေးနိုင်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်အောင် SAC ဘက်ကလည်း ကြိုးစားတည်ဆောက်ပေးဖို့လိုမှာပေါ့။ NCA နဲ့ပတ်သက်လို့ လက်ရှိ NCA မထိုးတဲ့ခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးကြတယ်လေ။ မြန်မာ့နိုင်ငံရေးမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဟာ သက်တမ်းတစ်ခုရှိတာပေါ့။ အဲဒီတော့ စစ်ဘက်၊ အရပ်ဘက်ရော စစ်ဘက်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းအချင်း ချင်းကြားမှာ ယုံကြည်မှုနဲ့အများကြီးတည်ဆောက်ပေးနိုင်မှာပေါ့။ သူ့ကိုအသုံးပြုပြီးမှ မြန်မာ့ငြိမ်းချမ်းရေးကိုတည်ဆောက်စေချင်တယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးတို့ တွေ့ဆုံခြင်းသည် ဝမ်းသာဖွယ်ရာဖြစ်ကြောင်း နှင့် ငြိမ်းချမ်းရေးတစ်ခုလုံးအတွက် ခြေလှမ်းကောင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်သုံးသပ်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပညာသင်ကြားရဖို့အတွက် တစ်ရက်ကို လေးနာရီကျော်ကြာလမ်းလျှောက်ကျောင်းတက်နေရတဲ့ နီပေါရွာကလေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း