ဘရိုက်တန်အသင်းကို အနိုင်ရရှိမှုက အသင်းကစားသမားများနှင့် ထိုက်တန်ကြောင်း ချဲလ်ဆီးနည်းပြ ဝန်ခံပြောဆို
Pika (NSS) - စက်တင်ဘာ ၂၈
ချဲလ်ဆီးအသင်းသည် စက်တင်ဘာလ(၂၇)ရက်ညက ဘရိုက်တန်အသင်းနှင့်ကစားခဲ့သော ခါရာဘောင် ဆုဖလားပြိုင်ပွဲကို (၁)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါအနိုင်ရရှိမှုမှာ အသင်းကစားသမားများနှင့် ထိုက်တန်ကြောင်း ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ထုတ်ဖော်ပြောခဲ့သည်။
ထို့အပြင် ဘရိုက်တန်အသင်းကို အနိုင်ရရှိမှုသည် ချဲလ်ဆီးအသင်းကစားသမားများကို ပရီးမီးယားလိဂ်တွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်စေရန်အတွက် အကူအညီဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ပိုချက်တီနိုက ထပ်မံပြောခဲ့သည်။
ဘရိုက်တန်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ချဲလ်ဆီးအသင်းတိုက်စစ်မှူးနီကို လက်စ်ဂျက်ဆင်သည် ပွဲချိန်(၅ဝ) မိနစ်တွင် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် (၁)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့သောပွဲသည် ချဲလ်ဆီးအသင်း၏ ပြိုင်ပွဲစုံ လေးပွဲကစားမှုတွင် ပထမဆုံးနိုင်ပွဲဖြစ်ကြောင်းလည်း သိရသည်။
ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၆)ပွဲကစားခဲ့ပြီး နှစ်ပွဲ သရေကျ၊ သုံးပွဲရှုံးကာ တစ်ပွဲသာ အနိုင်ရရှိ ခဲ့ပြီး သွင်းဂိုး(၅)ဂိုးဖြင့် အမှတ်ပေးဇယားတွင် နံပါတ်(၁၄)နေရာမှာ ရပ်တည်နေခြင်းဖြစ်သည်။
ပိုချက်တီနို က "ဒါက တကယ်ကို ကောင်းမွန်တဲ့ တုံ့ပြန်မှုတစ်ခုပါပဲ။ ဒီလိုစွမ်းဆောင်ရည်မျိုးကို ကျွန်တော် တကယ် သဘောကျပါတယ်။ ဘရိုက်တန်အသင်းကို အနိုင်ရရှိမှုအတွက် ပျော်လည်း ပျော်မိပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့က ဦးဆောင်ကစားနိုင်ခဲ့ပြီး အနိုင်ရရှိမှုနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ယုံကြည်မှုထားပြီး အကောင်းဆုံးပုံစံနဲ့ဆက်သွားနိုင်ဖို့က အရေးကြီးပါတယ်။ ဒီလိုခြေစွမ်းနဲ့ ကစားနိုင်စွမ်းမျိုးကို လာမယ့်ပွဲတွေမှာလည်း ထုတ်ပြသွားနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်" ဟု ပြောခဲ့သည်။
ချဲလ်ဆီးအသင်းသည် အောက်တိုဘာလ(၁)ရက်တွင် ဖူလ်ဟမ်အသင်း နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၂၈ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက သတင်းများအား စုစည်း တင်ဆက်ခြင်း
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း