စာရေးဆရာမင်းသုဝဏ်နှင့် နိုင်ငံတော်ကောင်စီဝင်ဦးလွင်တို့အား ချီးမြှင့်သည့် ဘွဲ့တံဆိပ်ကို သမ္မတဟောင်းဦးထင်ကျော်ထံ လက်ရောက်အပ်နှင်းခဲ့ဟု နစကထုတ်ပြန်
မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၁
စာရေးဆရာကြီးမင်းသုဝဏ်နှင့် နိုင်ငံတော်ကောင်စီဝင်(မွန်ပြည်နယ်)ဦးလွင်တို့အား ချီးမြှင့်ပေးအပ်သည့် ဘွဲ့တံဆိပ်များကို သား/သမက်ဖြစ်သူ သမ္မတဟောင်းဦးထင်ကျော်ထံ အပ်နှင်းခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ ပေးအပ်မှုကို နစကဘက်မှ ဖေဖော်ဝါရီလ ၂ဝ ရက်က ဓာတ်ပုံနှင့်တကွ လူသိရှင်ကြား အသိပေးထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အ တွက် အဘက်ဘက်မှ ပါဝင်ဆောင်ရွက်ခဲ့သော လူပုဂ္ဂိုလ်အများအပြားကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့သည်။
နစကမှ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နှင့် ၂ ရက်တို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ် ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားများကိုကျင်းပခဲ့ပြီး တက်ရောက်လာသူများကို နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကိုယ်တိုင် လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
သို့သော် ၎င်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိသည့် ပုဂ္ဂိုလ်များထံသို့ နစက ဥက္ကဋ္ဌကိုယ်စား သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကာ ပေးအပ်ချီးမြှင့်လျက်ရှိကြောင်း သိရသည်။
ဦးဝန်(စာရေးဆရာ မင်းသုဝဏ်)နှင့် ဦးလွင်(နိုင်ငံတော်ကောင်စီဝင်- မွန်ပြည်နယ်)တို့ကိုလည်း နစကမှ စည်သူဘွဲ့ပေးအပ်ချီးမြှင့်ထားကြောင်း သိရသည်။
ဦးဝန်နှင့် ဦးလွင်တို့၏ သား/သမက်ဖြစ်သူ နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်ထံသို့ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ဝ ရက်)တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဗိုလ်ချုပ်ဇော်ဟိန်းတို့က သွားရောက်ကာ ဂုဏ်ထူးဆောင်ဘွဲ့များကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်ထံသို့ ဂုဏ်ထူးဆောင်ဘွဲ့များ သွားရောက်အပ်နှင်းမှုအပေါ် နစကမှ ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့ပြီးနောက် လူအများအပြားက စိတ်ဝင်စားလျက်ရှိနေကြသည်။
စာရေးဆရာမင်းသုဝဏ်၏ သားဖြစ်သူ ဦးထင်ကျော်သည် NLD အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ၏ (၉)ဦးမြောက် သမ္မတအဖြစ်လည်း စာရင်းဝင်ထား သည်။
ဦးထင်ကျော်သည် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး (၂)နှစ်ခန့်အကြာတွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် သမ္မတအဖြစ်မှ အနားယူခဲ့သူတစ်ဦးလည်း ဖြစ်သည်။
ထိုသို့ အနားယူခဲ့ပြီးနောက် သမ္မတဟောင်းဦးထင်ကျော်သည် အများပြည်သူမြင်ကွင်းတွင် တွေ့ရှိရမှု နည်းပါးခဲ့ပြီး ၂ဝ၂၁ ခုနှစ် တပ်မတော်မှ နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်းတွင်လည်း အများပြည်သူမြင်ကွင်းရှေ့၌ မတွေ့ခဲ့ရပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြိုင်မြို့နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းအား အကြမ်းဖက်များက ရှော့တိုက်ဒုံး၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ဖျက်ဆီး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ