မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများက လုပ်ကိုင်နေသည့် လိမ်လည်မှုလုပ်ငန်းများတွင် မလေးရှားနိုင်ငံသား တစ်ထောင်ခန့် အတင်းအကြပ်ဖိအားပေး အလုပ်စေခိုင်းခံနေရဟုဆို
Pika (NSS) - စက်တင်ဘာ ၂၈
မလေးရှားနိုင်ငံသား တစ်ထောင်ခန့်သည် မြန်မာနိုင်ငံတွင်ရှိသော နိုင်ငံတကာလူကုန်ကူးမှုအဖွဲ့များက လုပ်ကိုင်နေသည့် လိမ်လည်မှုလုပ်ငန်းများတွင် အတင်းအကြပ်အလုပ်ခိုင်းစေခံနေရကြောင်း မလေးရှား၏ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအဖွဲ့ (MHO) က ထုတ်ပြန်ပြောကြားခဲ့သည်။
(MHO) အဖွဲ့သည် အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး တိုင်ကြားချက်များစွာကို လက်ခံရရှိထားကြောင်း (MHO) အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Datuk Hishamuddin Hashim က ပြောကြားခဲ့သည်။ လူကုန်ကူးမှုအဖွဲ့များသည် ၎င်းတို့လုပ်ငန်းများတွင် အတင်းအကြပ်ဖိအားပေးစေခိုင်းခံထားရသူများကို ပြန်လွှတ်ပေးစေလိုပါက ရင်းဂစ် ထောင်ပေါင်းများစွာပေးရန် ၎င်းတို့၏ မိသားစုဝင်များကို တောင်းဆိုခဲ့ကြောင်း Datuk Hishamuddin Hashim က ပြောကြားခဲ့သည်။
၎င်း က "အဲဒီလိမ်လည်မှုလုပ်ငန်းတွေမှာ အတင်းအကြပ်ဖိအားပေးစေခိုင်းခံခဲ့ရတဲ့ လူတစ်ဦးရဲ့ မိခင်ဖြစ်သူဆီ ကနေ တိုင်ကြားချက်တစ်ခုကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ သူမရဲ့သားကို ပြန်လိုချင်တယ်ဆိုရင် ရင်းဂစ်(၁ ဒသမ ၂) သန်းပေးဖို့ လူကုန်ကူးအဖွဲ့တွေက တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ လိမ်လည်မှုလုပ်ငန်းတွေ လုပ်တဲ့ နေရာမှာ အစောင့်အကြပ်တွေ တင်းကြပ်စွာချထားတာကြောင့် လွတ်မြောက်နိုင်ဖို့ လမ်းမရှိဘူးလို့လည်း သိရပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါ မလေးရှားနိုင်ငံသားများသည် လူကုန်ကူးမှုဂိုဏ်းများ၏ ညွှန်ကြားချက်များကို လိုက်နာရန်ငြင်းဆိုပါက ရိုက်နှက်ခံရခြင်း၊ အမှောင်ခန်းထဲတွင် လှောင်ပိတ်ခံထားရခြင်း (သို့မဟုတ်) အစားအသောက် နှင့် သောက်စရာ မပေးခြင်းတို့ကို ခံနေရကြောင်း Datuk Hishamuddin Hashim က ပြောကြားခဲ့သည်။ ထို့အပြင် မလေးရှားနိုင်ငံ သားများသည် ညွှန်ကြားချက်များကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) သတ်မှတ်ထားသော target ကို ရောက်ရှိအောင် မလုပ်ဆောင်နိုင်ပါက ပိုမိုပြင်းထန်သည့် အပြစ်ပေးမှုများကိုလည်း ခံနေရကြောင်း သိရသည်။ ဖေဖော်ဝါရီလ(၁၆)ရက်တွင် လိမ်လည်လုပ်ငန်းများတွင် ပါဝင်ရန်ကမ်းလှမ်းခံရသော မလေးရှားနိုင်ငံသား (၃၃၉)ဦး သည် နိုင်ငံအများအပြားတွင် ပိတ်မိနေခဲ့ကြောင်း မလေးရှားအစိုးရက ပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံများထဲတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင် နှင့် ဒူဘိုင်းတို့ ပါဝင်ကြောင်းလည်း သိရသည်။ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနသည် မလေးရှားနိုင်ငံသားများကို ကယ်ဆယ်ရန် နှင့် နိုင်ငံအတွင်းသို့ ပြန်လည်ခေါ်ဆောင်လာနိုင်ရန်အတွက် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြည်ထဲရေးဝန်ကြီး Datuk Seri Saifuddin Nasution Ismail က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောက်တိုဘာလတွင် ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ မိုးရွာသွန်းမှုပိုနိုင်ကြောင်း မိုးဇလအသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း