အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသူများကို ပြင်းထန်စွာ အပြစ်ပေးအရေးယူမည်ဟု တရုတ်တရားရုံးချုပ် သတင်းထုတ်ပြန်
Pika (NSS) - စက်တင်ဘာ ၂၈
အွန်လိုင်းကို အသုံးပြုကာ လိမ်လည်နေသောဂိုဏ်းများ နှင့် ၎င်းတို့ကို နည်းပညာအကူအညီများ ထောက်ပံ့ပေးနေသောအဖွဲ့များကို တိုက်ဖျက်ရန်ကြိုးပမ်းမှုများ ပိုမိုပြင်းထန်လာမှုနှင့်အတူ စီစဉ်သူများ၊ခေါင်းဆောင်များနှင့် လိမ်လည်နေသောဂိုဏ်းများ၏ အဓိကအဖွဲ့ဝင်များကို ပြင်းထန်စွာ အပြစ်ပေးသွားမည်ဖြစ်ကြောင်း တရုတ် တရားရုံးများက သတင်းထုတ်ပြန်ခဲ့သည်။
ကလေးသူငယ်များ၊ ကျောင်းသားများ၊ မသန်မစွမ်းဖြစ်နေသောသူများ (သို့မဟုတ်) သက်ကြီးရွယ်အိုများကို လိမ်လည်လှည့်ဖြားမှုလုပ်ငန်းများတွင် တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုရန် ကြိုးပမ်းသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသွားရန် တရုတ်တရားရုံးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်တရားရုံးချုပ်ဒုဥက္ကဋ္ဌ Gao Jinghong က "လိမ်လည်လှည့်ဖြားသူတွေကို တားဆီးရေးလုပ်ငန်းက အရမ်း အရေးကြီးပါတယ်၊၊ လိမ်လည်နေတဲ့ဂိုဏ်းတွေကို တိုက်ဖျက်ခြင်းဟာ အားလုံးရဲ့အကျိုးစီးပွားအတွက်ဖြစ်ပြီး နိုင်ငံတော် လုံခြုံရေး၊ ဘဏ္ဍာရေးလုံခြုံရေး၊ လူမှုတည်ငြိမ်ရေးတို့နဲ့ ဆက်စပ်နေပါတယ်" ဟု ပြောခဲ့သည်။
လိမ်လည်မှုများကြောင့် ပါသွားသော ပိုက်ဆံများ (သို့မဟုတ်) ပိုင်ဆိုင်မှုများကို ပြန်လည်ရယူရန်အတွက် တရားစီရင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက အကြုံပြုပြောခဲ့သည်။
ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်တရားရုံးများသည် အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်မှုများ လုပ်ဆောင်နေသည့် ဂိုဏ်းများကို အဓိကဦးစားပေးတိုက်ဖျက်လာခဲ့ကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ အွန်လိုင်းကိုအသုံးပြုကာ လုပ်ဆောင်နေသည့် လိမ်လည်မှုပေါင်း(၂၂၆ဝဝဝ) ကို တိုက်ဖျက်နိုင်ခဲ့ကြောင်း တရုတ်တရားရုံးချုပ်က ပြီးခဲ့သည့်မတ်လတွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
တရုတ်နိုင်ငံသားအများအပြားသည် လိမ်လည်မှုလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် ပြည်ပသို့သွားရောက်နေ ကြောင်း တွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း တရုတ်ရဲတပ်ဖွဲ့သည် အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသောဂိုဏ်းများ၏ အဓိကရင်းမြစ်များကို ရှင်းလင်းဖယ်ရှားရန်အတွက် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ဩဂုတ်လတွင် တရုတ်၊ ထိုင်း၊ မြန်မာ နှင့် လာအိုတို့၏ အများပြည်သူလုံခြုံရေးအာဏာပိုင်အဖွဲ့များမှ တာဝန်ရှိသူများသည် ဒေသအတွင်းတွင် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု နှင့် တရားမဝင် ဖမ်းဆီးထိန်းသိမ်းထားခြင်းတို့ ကဲ့သို့သော အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများ နှင့် လောင်းကစားမှုများကို တိုက်ဖျက်ရန် အတွက် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ဌာနချုပ်တစ်ခုကို တည်ထောင်ခဲ့ကြောင်း သိရသည်။
အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် စက်တင်ဘာလအစောပိုင်းတွင် တရုတ်ရဲတပ်ဖွဲ့က အလိုရှိသော သံသယရှိသူ(၄၁)ဦး အပါအဝင် အွန်လိုင်းကို အသုံးပြုကာ လိမ်လည်သူပေါင်း(၁၂ဝ၇)ဦး ကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလုပ်ကောင်းရမည်ဟုဆိုကာ ငွေကြေးလိမ်လည်ခံခဲ့ရပြီး ဒုက္ခရောက်နေသည့် မြန်မာအမျိုးသမီးအား မလေးရှားရှိ မြန်မာလူမှုကူညီရေးအသင်း ကူညီခေါ်ဆောင်ထား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း