နိုင်ဂျီးရီးယားနိုင်ငံတွင် အကြမ်းဖက်အဖွဲ့များက လူ(၁၄)ဦးကို သတ်ဖြတ်ခဲ့ပြီး အခြားလူ(၆ဝ)ဦးကို ပြန်ပေးဆွဲခဲ့ဟု ဆို
Pika (NSS) - စက်တင်ဘာ ၂၅
စက်တင်ဘာလ(၂၄)ရက်က နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဇမ်ဖာရာပြည်နယ်ရှိ ရပ်ကွက်နှစ်ခုတွင် သေနတ်သမားများသည် လူ(၈)ဦးကို သတ်ဖြတ်ခဲ့ပြီး အခြားလူအနည်းဆုံး(၆၀)ဦးကို ပြန်ပေးဆွဲသွားခဲ့ကြောင်း ဒေသခံများနှင့် ဒေသဆိုင်ရာလူမျိုးစုခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။
သေနတ်သမားများသည် ဇမ်ဖာရာပြည်နယ်ရှိ တက္ကသိုလ်တစ်ခုမှ လူဒါဇင်ပေါင်းများစွာကို ပြန်ပေးဆွဲသွားခဲ့ပြီး နောက် နှစ်ရက်အကြာတွင် ယခုကဲ့သို့ဖြစ်ရပ်များ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အခြားနေရာများတွင် အစွန်းရောက်သောင်းကျန်းသူအဖွဲ့များ သည် စစ်တပ်ကလိုက်ပါစောင့်ကြပ်ပေးထားသော ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား(၂)ဦး နှင့် အရပ်သား (၄)ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့များနှင့် ယာဉ်မောင်းတို့က ပြောကြားခဲ့သည်။
အဆိုပါ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် ယာဉ်(၅)စီးကို မီးရှို့ခဲ့ပြီး ထရပ်ကားတစ်စီးဖြင့် အခင်းဖြစ်ပွားရာ နေရာမှ မောင်းထွက်သွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ နိုင်ငံအတွင်းတွင် ဖြစ်ပွားနေ သော အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး မည်သို့ကိုင်တွယ်ဖြေရှင်းသွားမည်ဆိုသည့်အချက်ကို နိုင်ဂျီးရီးယား သမ္မတ Bola Tinubu က လက်ရှိအချိန်အထိ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။
သေနတ်သမားများသည် စက်တင်ဘာလ(၂၄)ရက် အစောပိုင်းတွင် ဇမ်ဖာရာပြည်နယ် Magami ရပ်ကွက်ရှိ ရှေ့တန်းစစ်စခန်းတစ်ခုကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း ဒေသခံများ က ပြောကြားခဲ့သည်။
ဇမ်ဖာရာပြည်နယ်သည် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ၏ ပြန်ပေးဆွဲမှုများနှင့် တိုက်ခိုက်မှုများ ကို မကြာခဏကြုံတွေ့နေရသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ဒေသဆိုင်ရာ လူမျိုးစုခေါင်းဆောင် တစ်ဦးက "သေနတ်သမားအဖွဲ့သုံးဖွဲ့ဟာ စစ်အခြေစိုက်စခန်းတစ်ခုနဲ့ Magami၊ Kabasa ရပ်ကွက်တို့ကို တိုက်ခိုက် ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း အနည်းဆုံးလူ(၆ဝ)ဦး ပြန်ပေးဆွဲခံခဲ့ရပြီး အများစုကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က ပြန်လည် တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရှေ့တောင်အာရှတစ်ဝှမ်းတွင် တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းများ ပိုမိုပျံ့နှံ့လာနေကြောင်း ကျွမ်းကျင်သူများ ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း