မန္တလေးမြို့တွင် လည်ပင်းထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
သန့်ဇင် (NSS) - စက်တင်ဘာ ၂၃
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် လည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် လဲကျသေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း မြရည်နန္ဒာလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအလောင်းကို ယနေ့ (စက်တင်ဘာလ ၂၃ရက်)၊ နံနက် ၅နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ၅၄ လမ်းနှင့် ၁၁၀(c)ဒေါင့်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
“လမ်း ၁၁၀ မှာအထိုးခံရတာထင်တယ်။ ဘာလို့ဆို သူ့သွေးစက်တွေက မြေပြင်မှာတွေ့ရတာဆိုတော့လေ။ အဲနေရာမှာ အထိုးခံရပြီး ပြေးလာရင်းနဲ့ ၁၁၀(c)ဒေါင့်နားရောက်တော့ လဲကျပြီး ဆုံးသွားတဲ့ သဘောပေါ့နော်” ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုသားသည် ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အသက်(၂၇)နှစ်အရွယ် ကိုနေလင်းနိုင်ဖြစ်ပြီး အထက်ပါလမ်းပေါ်တွင် လည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။
“ဆိုင်ကယ်လုယက်ပြီး ဓားနဲ့အထိုးခံရတယ်လို့ယူဆရတယ်ပေါ့နော်။ အဲဒီနေရာတွေက ထင်သလောက်လဲလူမရှင်းပါဘူး။ သူလဲကျဆုံးနေတဲ့နေရာအနီးမှာဆို လက်ဖက်ရည်ဆိုင်ရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် လူသတ်မှုဖြစ်စဉ်အား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး သေဆုံးသူအမျိုး သားအား မြရည်နန္ဒာလူမှု ကယ်ဆယ်ရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“မန္တလေးမှာက အဲဒီလိုလုယက်မှုတွေက နေရာတိုင်းလိုလိုမှာဖြစ်နေကြဆိုတော့ ဖြစ်နိုင်ရင်တော့ မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် တစ်ယောက်တည်းမသွားပဲနဲ့ (၂)ယောက် ဒါမှမဟုတ်လည်း (၃)ယောက်ပေါ့နော် သွားစေချင်တယ်။ တစ်ယောက်တည်းတော့ မသွားသင့်တော့ဘူး”ဟု ၎င်းကအကြံ ပြုပြောသည်။
မန္တလေးမြို့တွင် အကြမ်းဖက်လုယက်မှုဖြစ်စဉ်များ နေ့စဉ်လိုလိုဖြစ်ပေါ်လျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သန်လျင်မြို့နယ်တွင် ဆီဘောက်ဆာကား(၂)စီး ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး စိုးရိမ်ဒဏ်ရာများရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း