မြန်မာနိုင်ငံက ထိန်းသိမ်းထားသည့် ဗီယက်နမ်နိုင်ငံ အလံတင်သင်္ဘောကို ထုခွဲရောင်းချသွားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကြေညာ
မျိုးကြီး (NSS) - စက်တင်ဘာ ၂၂
မြန်မာနိုင်ငံက ထိန်းသိမ်းထားသည့် ဗီယက်နမ်နိုင်ငံအလံတင် သင်္ဘောကို ထုခွဲရောင်းချသွားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကြေညာလိုက်သည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထိန်းသိမ်းထားရှိသော ဗီယက်နမ်နိုင်ငံ အလံတင် M.T VIET TIN LUCKY သင်္ဘောအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ထုခွဲရောင်းချသွားမည်ဖြစ်သည်။
၎င်းသင်္ဘောသည် သံခွံအမျိုးအစားဖြစ်ပြီး အလျားမှာ ၁ဝ၉ ဒသမ ဝ၉ မီတာ၊ အနံမှာ ၁၈ ဒသမ ၂ မီတာရှိကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံအလံတင် သင်္ဘောတစ်စင်းသည် မြန်မာ့ပင်လယ်ပြင်၌ မျောပါလာသည်ကို တွေ့ရှိရသည့်အတွက် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် မေလအတွင်း၌ သိမ်းဆည်းကာ The Myanmar Terminal (TMT) တံတားတွင် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
“ပင်လယ်ထဲမှာ ရေယာဉ်စွန့်ပစ်ထားပြီး မြန်မာ့ပိုင်နက်ထဲကို မျောလာတာပေါ့။ အဲဒါကို ပြီးခဲ့တဲ့နှစ်က ဆွဲလာပြီးတော့ ထိန်းသိမ်းထားတာ။ ပိုင်ရှင်စုံစမ်းပြီးကြေညာထားတာကလည်း ပိုင်ရှင်မပေါ်လို့ အခုလို့ရောင်းချဖို့ စီစဉ်တာပေါ့” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်နီးစပ်သူက ပြောသည်။
ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအနေဖြင့် သင်္ဘောအား ကိုယ်တိုင်ကြည့်ရှုလေ့လာနိုင်ပြီး စိတ်ပါဝင်စားမှုရှိပါက တင်ဒါတွင် ပါဝင်ယှဉ်ပြိုင်နိုင်သည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆိုသည်။
တင်ဒါလျှောက်လွှာများကို စက်တင်ဘာ ၂၁ ရက်မှစ၍ အောက်တိုဘာ ၂ဝ ရက်အထိ ဗိုလ်တထောင်မြို့နယ်ရှိ ဗဟိုပစ္စည်း ထိန်းဌာနတွင် လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် တင်ဒါလျှောက်လွှာများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၌ အောက်တိုဘာ ၂ဝ ရက်တွင် တင်သွင်းရမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကြေညာထားသည်။
အဆိုပါတင်ဒါသည် ၁၉ဝ၈ ဆိပ်ကမ်းများအက်ဥပဒေ ပုဒ်မ ၁၁ အရ လေလံတင်ထုခွဲရောင်းချခြင်းဖြစ်သည့်အတွက် ၎င်း ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်လာပါက တင်ဒါ တစ်ခုလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုလည်းကောင်း ဖျက်သိမ်းခွင့်ရှိသည်ဟုလည်း အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့ရော်ဘာဈေး အမြင့်ပိုင်းမှာ တည်ငြိမ်နေပြီး ထွက်နှုန်းကျဆင်းနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ