ဘုတ်ပြင်း၌ ခရီးသည်တင်ကားကို အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်ခဲ့ပြီးနောက် ပြန်လည်ဆေးကုပေးသော် လည်း (၉)နှစ်အရွယ် ကျောင်းသားနှင့် မိန်းကလေးတစ်ဦး သေဆုံးခဲ့
NP News - ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၌ ခရီးသည်တင်ကားအား အကြမ်းဖက်အဖွဲ့မှ ပစ် ခတ်ခဲ့ပြီးနောက် ပြန်လည်ဆေးကုသပေးမှုရှိခဲ့သော်လည်း (၉)နှစ်အရွယ်ကျောင်းသားနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် ရွှေညီအစ်ကိုခရီးသည်တင်ယာဉ်သည် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မနိုးရုံးကျေးရွာအုပ်စု၊ ခဲချောင်းကျေးရွာ၊ အမကကျောင်းအနီးရောက်ရှိစဉ်အချိန်၌ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
ရွှေညီအစ်ကိုခရီးသည်တင်ကားသည် ယာဉ်မောင်းနှင့်အတူ စုစုပေါင်းခရီးသည်(၁ဝ)ဦးဖြင့် ကော့သောင်းမြို့မှ မြိတ်မြို့ဘက်သို့ နံနက် ၁ဝ နာရီအချိန်ခန့်တွင် စတင်ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ထိုသို့ထွက်ခွာလာစဉ်အချိန် ညနေ ၄ နာရီအချိန်ခန့်တွင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခင်းဖြစ်ပွားရာနေရာအရောက်၌ အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
၎င်းကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ရွှေညီအစ်ကိုခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသည့် အသက်(၉)နှစ်အရွယ် Grade-2 ကျောင်းသားဖြစ်သူ မောင်ပြည့်ဖြိုးအောင်နှင့် အသက်(၂၁)နှစ်အရွယ်ရှိ အလှပြင်အလုပ်လုပ်ကိုင်သူ မပြည့်ဝါဆိုတို့ သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“လက်နက်ကိုင်အဖွဲ့က ခရီးသည်တင်ကားကို တားစီးတယ်။ ဒါပေမယ့် ကားက အရှိန်များနေတော့ သူတို့ကို ကျော်သွားတာပေါ့။ အဲဒီမှာ နောက်ကနေ သေနတ်နဲ့ ပစ်တော့တာပဲ။ နောက်ဆုံးခုံတန်းမှာထိုင်နေတဲ့ ကျောင်းသားတစ်ဦးနဲ့ မိန်းကလေးတစ်ဦးမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေ ရသွားတယ်။ အဲဒီအချိန်မှာ ကားက ရပ်ပြီးသွားပြီ” ဟု ရွှေညီအစ်ကိုခရီးသည် တင်ကားနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
ထို့နောက် ခရီးသည်တင်ကားရပ်တန့်သွားစဉ်အချိန်တွင် အကြမ်းဖက်အဖွဲ့မှ ကားအနီးရောက်ရှိလာကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး သေနတ်ဒဏ်ရာရရှိခဲ့သူနှစ်ဦးကို ၎င်းတို့၏ စခန်းတစ်ခုသို့ ခေါ်ဆောင်သွားကာ ဆေးကုသပေးမှုများပြုလုပ်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
“အဲဒီမှာ သူတို့က ခရီးသည်တင်ကားနဲ့ ခရီးသည်တွေကို ခေါ်ဆောင်သွားတာပေါ့။ ဒဏ်ရာရတဲ့သူနှစ်ဦးကိုလည်း ဆေးကုသပေးမယ်ပြောပြီးတော့ သယ်သွားတယ်။ ဒါပေမယ့် သိပ်မကြာလိုက်ဘူး ဒဏ်ရာရတဲ့သူနှစ်ဦးမှာ ဆုံးသွားပြီဖြစ်ကြောင်း ပြောဆိုပြီး ပြန်သယ်လာတယ်ပေါ့။ အဲဒီအတွက်ကို စိတ်မကောင်းပါဘူးပြောဆိုပြီးတော့ ခရီးသည်တင်ကားကို ပြန်လွှတ်ပေးလိုက်တယ်” ဟု ရွှေညီအစ်ကိုခရီးသည်တင်ကားနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။
လက်ရှိတွင် ကျည်ဒဏ်ရာဖြင့် သေဆုံးခဲ့သော ကျောင်းသားနှင့် မိန်းကလေးတစ်ဦး၏ အလောင်းတို့အား တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
တနင်္သာရီတိုင်း၌ ပြီးခဲ့သော ရက်ပိုင်းများအတွင်းကလည်း ကားတစ်စီး ပစ်ခတ်ခံခဲ့ရကာ သံဃာတစ်ပါးနှင့် လူတစ်ဦးထိခိုက်သေဆုံးခဲ့ပြီး အရပ်သားများမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ကြိုးပမ်းနေတဲ့ အနောက်အုပ်စုနိုင်ငံများအပေါ် ရုရှားအစိုးရ သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း