ထားဝယ်အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌကို PDF အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား
မြူနစ် (NSS) - စက်တင်ဘာ ၁၈
တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌကို PDF အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထားဝယ်မြို့ခံများက NSS ကို ပြောသည်။
ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင် အပါအဝင် ၎င်းတို့အဖွဲ့သည် စက်တင်ဘာလ ၁၆ ရက်တွင် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် တောင်ပြိုမှုဖြစ်စဉ်အား သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကူညီကယ်ဆယ်ရေးများဆောင်ရွက်ပြီးပြန်လာစဉ်အချိန်တွင် ညှင်းမော်ကျေးရွာအနီး၌ ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)က ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်၏ ယာဉ်တန်းကို တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
“အသင်းဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်ပေါ့။ သူတို့က လောင်းလုံးထဲက ကျောက်နီမှော်ဆိုတဲ့ ရွာလေးမှာ တောင်ပြိုတာကို သွားပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကြတာပေါ့။ အဲဒီမှာ ကိုနိုင်မျိုးသွင်ကို PDF အဖွဲ့က ဖမ်းသွားတာပေါ့။ အခုထိတော့ ပြန်မလွတ်သေးဘူး”ဟု ထား ဝယ်မြို့ခံတစ်ဦးက ပြောသည်။
ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင် တစ်ဦးတည်းကိုသာ ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(စက်တင်ဘာလ ၁၈ ရက်)တွင် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်ကို ဖမ်းဆီးထားသည်မှာ ဟုတ်မှန်ကြောင်း နှင့် ၎င်းအား စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
“သူက အရမ်းအားကိုးရတာ ကိုဗစ်ကာလတုန်းကပေါ့။ ဖုန်းဆက်တာနဲ့ ချက်ချင်းရောက်လာတာပဲ။ တကယ်ကို တက်တက်ကြွကြွနဲ့ ပရဟိတကို တကယ်လုပ်တဲ့ ကောင်းလေပါ။ ထား ဝယ်မြို့နယ်အတွက် တကယ်ကို အားကိုးရတယ်။ နှမြောစရာကောင်းတယ်”ဟု ထားဝယ်မြို့ခံတစ်ဦးက ဦးနိုင်မျိုးသွင်နှင့်ပတ်သက်၍ မှတ်ချက်ပြုထားသည်။
ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့သည် ထားဝယ်မြို့အခြေစိုက် ပရဟိတအဖွဲ့တစ်ခုဖြစ်ပြီး ပရဟိသမား အများအပြားနှင့်အတူ ကားများစွာဖြင့် လူမှုကူညီရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့်အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သထုံမြို့၌ မြေတူးရာမှတွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရား အဆူ(၄၀၀)နီးပါးကို ရှေးဟောင်းသုတေသနဌာနက လက်ခံရယူမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း