အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာ အပါအဝင် အာဖရိကသုံးနိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မယ့် စာချုပ်အသစ်ချုပ်ဆို
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၇
နိုင်ဂျာစစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အာဖရိကအနောက်ပိုင်းအဖွဲ့အစည်း ECOWAS နဲ့တင်းမာမှုတွေ ရှိနေချိန် မှာ ပြင်သစ်လက်အောက်ခံ ကိုလိုနီနိုင်ငံတွေဖြစ်ခဲ့ဖူးတဲ့ မာလီ၊ နိုင်ဂျာ၊ ဘကီနာ ဖာဆိုနိုင်ငံတို့ဟာ စစ်ရေး မဟာမိတ်အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ မာလီ၊ နိုင်ဂျာနဲ့ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အနောက်အုပ်စုနိုင်ငံများက ကျောထောက်နောက်ခံပြုပေးထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ဖူးတဲ့ နိုင်ငံတွေဖြစ်ပါတယ်။
မာလီ၊ နိုင်ဂျာ၊ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ ပြည်တွင်းရေး ခြိမ်းခြောက်မှုများ နဲ့ ပြည်ပကျုးကျော်မှုတွေကို တစ်နိုင်ငံချင်း ဒါမှမဟုတ် စုပေါင်းကူညီပေးသွားဖို့ စစ်ရေးမဟာမိတ် စာချုပ်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
မာလီ ယာယီသမ္မတက နိုင်ဂျာ၊ ဘာကီနာဖာဆို နိုင်ငံတွေရဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး Liptako-Gourma ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ဖော်ပြောထားပါတယ်။ ၎င်းက " စာချုပ်မှာပါဝင် တဲ့ နိုင်ငံတစ်နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်နက်တွေကို တိုက်ခိုက်ခံရမယ်ဆိုရင် တစ်နိုင်ငံ ဒါမှမဟုတ် အခြားနိုင်ငံ တွေနဲ့ပူးပေါင်းတိုက်ခိုက်ပေးဖို့ စာချုပ်လက်မှတ်ရေးထိုးခဲ့တာပါ" လို့ ပြောပါတယ်။
မာလီကာကွယ်ရေးဝန်ကြီးကလည်း မဟာမိတ်စာချုပ်အသစ်ဟာ သုံးနိုင်ငံကြားစစ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ နိုင်ဂျာနိုင်ငံမှာ သမ္မတ ဘာဇွန်ကို ရာထူးက ဖြုတ်ချကာအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ECOWAS အဖွဲ့က စစ်ရေးနည်းလမ်းအသုံးပြုသွားမယ်လို့ မကြာသေးမီက သတင်းထုတ်ပြန်ထားပါတယ်။
မာလီ နဲ့ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ နိုင်ဂျာကို စစ်ရေးနည်းလမ်းအသုံးပြုမယ်ဆိုရင် ၎င်းတို့နိုင်ငံတွေအပေါ် စစ်ကြေညာခြင်းအဖြစ် မှတ်ယူသွားမှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ မာလီနိုင်ငံမှာ ပြင်သစ် တပ်ဖွဲ့ဝင်များ တပ်စွဲမှုတွေ ရှိခဲ့ဖူးရာ မာလီစစ်အစိုးရနဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာ အငြင်းပွားမှုတွေဖြစ်ခဲ့ပြီးနောက် ပြင်သစ်တပ်ဖွဲ့တွေ ပြန်လည် ရုတ်သိမ်းသွားခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ဘာကီနာဖာဆိုနိုင်ငံကလည်း နိုင်ငံအတွင်းရှိ ပြင်သစ်တပ်ဖွဲ့တွေကို ပြန်ထွက်သွားဖို့တောင်းဆိုခဲ့ရာ ဒီနှစ်အစောပိုင်းမှာ ဘာကီနာဖာဆိုနိုင်ငံအတွင်းကနေ ပြင်သစ်တပ်ဖွဲ့ဝင်တွေ ပြန်ရုတ်သိမ်းခဲ့ပါတယ်။ နိုင်ဂျာနိုင်ငံ ဟာလည်း အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ဂျာစစ်အစိုးရက ပြင်သစ်တပ်ဖွဲ့ဝင်တွေကို နိုင်ငံအတွင်းက ပြန်ထွက်ခွာဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ်နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အပါအဝင် သဘောတူညီချက် (၅)ရပ်ကို လက်မှတ်ရေးထိုးခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ