မိခင်ဖြစ်သူအား ကန်တော့ပြီး ပြန်လာသည့် ဒုရဲအုပ်နှင့် ကလေးငယ်များပါဝင်သည့် မိသားစုကို PDF အဖွဲ့က လုပ်ကြံသတ်ဖြတ်
NSS - စက်တင်ဘာ ၁၄
မိခင်ဖြစ်သူအား ကန်တော့ပြီး ပြန်လာသည့် ဒုရဲအုပ်နှင့် ကလေးငယ်များပါဝင်သည့် မိသားစုကို PDF အဖွဲ့က သေ နတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်)၊ ညနေ ၃ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၊ ရွှေဘုံသာဘုန်းကြီးကျောင်းအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ တာဝန်ကျနေသည့် လေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်သန်းမင်းစိုးသည် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သူဇာထွန်း၊ (၉)နှစ်အရွယ်သမီးငယ်၊ (၂)နှစ်အရွယ်သားငယ်တို့နှင့်အတူ ယမန်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် စစ်ကိုင်းမြို့ဘက်သို့ ကားတစ်စီးဖြင့် ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ထိုသို့ထွက်ခွာလာစဉ် ဒုရဲအုပ်သန်းမင်းစိုးနှင့်မိသားစုသည် စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၊ ရွှေဘုံသာဘုန်းကြီး ကျောင်းအနီးအရောက်၌ မောင်းနှင်လာသည့်ကားကို ရပ်ထားခဲ့ကာ မိခင်ဖြစ်သူ နေအိမ်သို့ သွားရောက်ကန်တော့ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ မိခင်ဖြစ်သူအား ကန်တော့ပြီးပြန်လာစဉ်အချိန် ညနေ ၃ နာရီခန့်တွင် ရပ်ထားခဲ့သော ကားအနားသို့ အရောက်၌ PDF အဖွဲ့ဝင်(၈)ဦးခန့်မှ ရောက်ရှိလာကာ ဒုရဲအုပ်သန်းမင်းစိုးအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒုရဲအုပ်သန်းမင်းစိုး၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ နေရာ၌ပင်သေဆုံးသွားခဲ့ပြီး (၂)အရွယ်သားဖြစ်သူသည်လည်း ကျည်ဖောက်ဝင်ဒဏ်ရာအချို့ ရရှိသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် PDF အဖွဲ့ဝင် (၈)ဦးသည် ဒုရဲအုပ်သန်းမင်းစိုး၏ ဇနီး၊ (၉)နှစ်အရွယ်သမီးနှင့် (၂)နှစ်အရွယ်သားတို့၏ မိခင်ဖြစ်သူ ဒေါ်သူဇာထွန်းအား သလွန်ဖြူကျေးရွာ၏ အနောက်ပိုင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဦးခေါင်းအား သေနတ်ဖြင့်တေ့ပစ်ကာ ထပ်မံသတ်ဖြတ်လုပ်ကြံခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ယင်းကဲ့သို့ PDF အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဒုရဲမှူးသန်းမင်းစိုးနှင့် ၎င်း၏ဇနီးဖြစ်သူသည် သေဆုံးသွားခဲ့ပြီး ကလေးငယ်(၂)ဦးတည်းသာ လူ့လောက၌ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် PDF ၏အဖွဲ့ ပစ်ခတ်လုပ်ကြံမှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော (၂)နှစ်အရွယ်သားငယ်သည် စစ်ကိုင်းမြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရလျက်ရှိကြောင်း သိရသည်။
အလားတူ (၉)နှစ်အရွယ်သမီးဖြစ်သူအား ၎င်း၏အဘွားဖြစ်သူကခေါ်ယူကာ ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
လေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်သန်းမင်းစိုးနှင့်မိသားစုသည် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၌ နေထိုင်သူများဖြစ်ကြောင်း ထပ်မံသိရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားနဲ့တင်းမာမှုရှိနေချိန်မှာပဲ တောင်ကိုရီးယားကို ဒေါ်လာ ၅ ဘီလျံတန်ဖိုးရှိ အက်ဖ် ၃၅ တိုက်လေယာဉ်များ ရောင်းချပေးဖို့ အမေရိကန်အစိုးရခွင့်ပြု
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း