ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၂
ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က ၎င်းတို့အစိုးရအဖွဲ့အနေနဲ့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆာရက်သာတာဗီဆင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းအစိုးရအဖွဲ့အသစ်ရဲ့ အဓိကမူဝါဒတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောခဲ့ရာမှာ စစ်တပ်က ကျောထောက်နောက်ခံပြုလုပ်ရေးဆွဲထားတဲ့ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲမယ့်ဆုံးဖြတ်ချက်ကို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်အသစ်က "ကျွန်တော်တို့ အစိုးရအဖွဲ့ဟာ အပြန်အလှန်လက်ခံနိုင်ဖွယ်ရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမျိုးကို ပြင်ဆင်ရေးဆွဲသွားဖို့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်မှာပါ" လို့ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်အသစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ဖို့ အရေးကြီးကြောင်း ပြောဆိုခဲ့ပေမယ့် ဆန္ဒခံယူပွဲကျင်းပမယ့်အချိန်ကိုတော့ အတိအကျ ပြောဆိုတာမျိုး မရှိခဲ့ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်အသစ်က ၎င်းတို့အစိုးရအဖွဲ့ဟာ မဖြစ်မနေစစ်မှုထမ်းရမယ့် သတ်မှတ်ချက်များကို လျော့ချ သွားမှာဖြစ်သလို စစ်တပ်အတွင်းမှာလည်း အဆင့်မြင့်အရာရှိကြီးများ အရေအတွက်ကို လျော့ချသွားမှာဖြစ်ကြောင်းပြောပါတယ်။ ထိုင်းအစိုးရအဖွဲ့အသစ်အနေနဲ့ ပြည်သူများကို ဘတ် ၁ဝဝဝဝ ပေးမယ့်အစီအစဉ်ကို အကောင်အထည်ဖော်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
ဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်ဦးဆောင်တဲ့ ဖြူထိုင်းပါတီဟာ မေလက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ မဲဒုတိယအများဆုံး အနိုင်ရခဲ့ပြီး ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ဖို့ ထိုင်းစစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ပါတီတွေနဲ့ မဟာမိတ်ဖွဲ့စည်းထားကြောင်း သိရပါတယ်။ ရှေ့သို့ချီပါတီဟာရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့ ပေမယ့် ဝန်ကြီးချုပ်အသစ်ရွေးချယ်နိုင်ဖို့ လွှတ်တော်ရဲ့ထောက်ခံမှုကိုအပြည့်အဝ မရခဲ့တဲ့အတွက် ရွေးချယ်နိုင်တာ မျိုးမရှိခဲ့ဘဲ အတိုက်ခံပါတီအဖြစ် ရပ်တည်သွားရမှာဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၂ခု နှစ်တွင်ဖြစ်ပွားခဲ့သော ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုအများဆုံးနိုင်ငံများထဲတွင် မြန်မာ အပါအဝင် ယူကရိန်း နှင့် ဘာကီနာဖါဆိုတို့ ပါဝင်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ