လျှပ်စစ်ဓာတ်အားခ မပေးဆောင်သော မီတာသုံးစွဲသူ(၂)သိန်းကျော်ကို တစ်လအတွင်း ဓာတ်အားဖြတ်တောက်ခဲ့ဟုဆို
ယွန်း (NSS) - စက်တင်ဘာ ၁၁
လျှပ်စစ်ဓာတ်အားခ မပေးဆောင်ခြင်းကြောင့် ပြီးခဲ့သည့် ဇူလိုင်လ၌ မီတာသုံးစွဲသူ(၂)သိန်းကျော်ကို ဓာတ်အားဖြတ်တောက်ခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
ဓာတ်အားခကြွေးကျန်များ ကောက်ခံရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ လုံခြုံရေးများရယူပြီး ကောက်ခံနေကြောင်း သိရသည်။
ထို့ပြင် ကြွေးကျန်မီတာများကို သတ်မှတ်ရက်ကျော်လွန်သည်အထိ ပေးဆောင်ခြင်းမရှိပါက ဓာတ်အားဖြတ်တောက်ခြင်း၊ မီတာဖြုတ်သိမ်းခြင်းများကို ဆောင်ရွက်နေကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၌ ဓာတ်အားခပေးဆောင်ခြင်းမရှိသဖြင့် မြို့ပေါ်ရပ်ကွက်များရှိ မီးသုံးသူ ၁သိန်း ၄သောင်းခွဲကျော် နှင့် ကျေးရွာများရှိ မီးသုံးသူဦးရေ ၇ သောင်းကျော်ကို ဓာတ်အားဖြတ်တောက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါကာလအတွင်း စုစုပေါင်းမီးသုံးစွဲသူဦးရေ ၂ သိန်းကျော်ကို ဓာတ်အားဖြတ်တောက်ခဲ့ပြီး ဓာတ်အားခကြွေးကျန်များကို လာရောက်ပေးသွင်းပါက ဓာတ်အားကိုပြန်လည်ဆက်သွယ်ပို့လွှတ်ပေးလျှက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားသည်။
"တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လက မီတာခပေးဆောင်ခြင်းမရှိတဲ့ မြို့ပေါ်ရပ်ကွက်က မီးသုံးသူနဲ့ ကျေးရွာတွေက မီးသုံးစွဲသူတွေကို ဓာတ်အားဖြတ်တောက်ခဲ့ပါတယ်။ ဓာတ်အားခကြွေးကျန်တွေကို လာပေးတာနဲ့ ဓာတ်အားကို ချက်ချင်းပြန်ပေးနေပါတယ်"ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားသုံးစွဲနေပြီး (၄)လနှင့်အထက် ဓာတ်အားခပေးဆောင်ခြင်းမရှိသည့် မီတာများကိုလည်း ဖြုတ်သိမ်းခဲ့ရာ တိုင်းနှင့်ပြည်နယ်အသီးသီး၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ မီတာလုံးရေ(၁၉၃၈၈)လုံးကို ဖြုတ်သိမ်းခဲ့ ကြောင်း သိရသည်။
၎င်းမီတာများကိုလည်း မီးသုံးစွဲသူများမှ ဓာတ်အားခကြွေးကျန်များ လာရောက်ပေးဆောင်ပါက ချက်ချင်းပြန်လည်တပ်ဆင်ပေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားသည်။
ဝန်ကြီးဌာနအနေဖြင့် ဇူလိုင်လအထိ ဆက်လက်တောင်းခံရန် လျှပ်စစ်မီတာခကြွေးကျန်သည် ငွေကျပ် (၂၄၄ ဒသမ ၆၁၉)ဘီလျံရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
YBS ကားပေါ်မှ ခရီးသည်အမျိုးသားတစ်ဦး ပြုတ်ကျ၍ ပွဲချင်းပြီး သေဆုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ