မနက်ဖြန်မှစ၍ တိုင်းနှင့် ပြည်နယ်အချို့တွင် လေပြင်းတိုက်ခတ်၍ မိုးကြီးနိုင်ဟု မိုးဇလခန့်မှန်း
ယွန်း (NSS) - စက်တင်ဘာ ၁ဝ
မနက်ဖြန် စက်တင်ဘာ(၁၁)ရက်မှစ၍ တိုင်းနှင့် ပြည်နယ်အချို့၌ လေပြင်းတိုက်ခတ်၍ မိုးကြီးနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(စက်တင်ဘာ ၁ဝ ရက်) တွင် အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ရန်ကုန် အပါအဝင် ဒေသအချို့၌ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း ခန့်မှန်းထုတ်ပြန် ထားသည်။
အဆိုပါဖြစ်စဥ်များကြောင့် စက်တင်ဘာ(၁၁)ရက်မှ (၁၅)ရက်အတွင်း ရန်ကုန် အပါအဝင် ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နှင့် မွန်တို့တွင် မိုးထစ်ချုန်းရွာနိုင်ပြီး အချို့နေရာများတွင် မိုးကြီးခြင်း နှင့် လေပြင်း တိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ သိရသည်။
ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄ဝ)အထိ တိုက်ခတ်နိုင်ပါသည်။
သို့ဖြစ်ပါ၍ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်တို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း နှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
ထို့ကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရန် မိုးဇလမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းလက်ကျန် SKD ကား သုံးရာကျော် ဈေးကွက်ထဲသို့ရောက်ရှိလာပြီး ကားဈေးကျဆင်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ