နိုင်ငံရေးရောယှက်မှုကင်းသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကိုသာ ဆောင်ရွက်နေပြီး မည့်သည့်နိုင်ငံ၊ အဖွဲ့အစည်းနှင့်မဆိုပူးပေါင်းရန် အသင့်ရှိဟု ရဲချုပ်ဆို
ယွန်း (NSS) - စက်တင်ဘာ ၉
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးရောယှက်မှုကင်းသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကိုသာ ဆောင်ရွက်နေပြီး မည့်သည့်နိုင်ငံ၊ အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းရန် အသင့်ရှိနေကြောင်း အသိပေးပြောကြားသည်။
ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြီးခဲ့သည့် စက်တင်ဘာလ(၆)ရက်တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာဝန်ကြီးအဆင့်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံရေးရောယှက်မှုကင်းရှင်းသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းကိုသာ ဦးတည်ဆောင်ရွက်နေပြီး မည်သည့်နိုင်ငံ၊ အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ရဲချုပ်က အသိပေးပြောကြားထားသည်။
အလားတူ ဒေသတွင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း UNDO အပါအဝင် မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုများလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများတိုးမြှင့်ရေး၊ လူ့အခွင့်အရေးပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရေးဟူသော ကဏ္ဍ (၅) ရပ် ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကိုလည်း စီမံချက်ချမှတ်၍ နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရေးအတွက် ရှမ်းပြည်နယ်အတွင်း ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ မဲခေါင်ဒေသခွဲအတွင်း ယခင်က ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုသည် အဓိကပြဿနာတစ်ရပ် ဖြစ်ခဲ့သော်လည်း ယခုအခါ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုသည် ပိုမိုကြီးထွား ကျယ်ပြန့်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် Happy Water အမည်ရှိ စိတ်ပြောင်းဆေးဝါးများ ရောစပ်သုံးစွဲမှု အခြေအနေသည်လည်း နေ့စဉ်နှင့်အမျှ မြင့်တက်နေသည်ကို ဖမ်းဆီးရမိမှု ဖြစ်စဉ်များအရ တွေ့ရှိရကြောင်း ရဲချုပ်က ဆက်လက်ပြောကြားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စသုံးလုံးက သွင်းကုန်လုပ်ငန်းရှင်အချို့ကို ခေါ်ယူစစ်ဆေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း