အိမ်သုံးမီတာအသုံးပြုပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများကို စီးပွားရေးနှုန်းထားဖြင့် တိုးမြှင့် ကောက်ခံနိုင်ရေး ဆောင်ရွက်နေဟုဆို
NSS - စက်တင်ဘာ ၈
နိုင်ငံတော်မှ ရသင့်ရထိုက်သော နိုင်ငံတော် ဘဏ္ဍာငွေများရရှိရေးအတွက် အိမ်သုံးမီတာအသုံးပြု၍ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများကို စီးပွားရေးနှုန်းထားဖြင့် တိုးမြှင့်ကောက်ခံနိုင်ရေးဆောင်ရွက်နေ ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
ထိုသို့ တိုးမြှင့်ကောက်ခံနိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှစ်စစ်ဓာတ်အားခများကောက်ခံရာတွင် အစိုးရဌာန နှင့် အများပြည် သူအိမ်သုံးမီတာများကို အိမ်သုံးနှုန်းထားဖြင့် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းသုံးမီတာများကို စီးပွားရေးနှုန်းထားဖြင့်လည်းကောင်း ကောက်ခံခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသော ကုန်စုံဆိုင်၊ စာအုပ်အရောင်းဆိုင်၊ ဆေးဆိုင်၊ ဆန်ဆိုင်၊ နာရီဆိုင်၊ မျက်မှန်ဆိုင်၊ လက်ဖက်ရည်ဆိုင် စသည့် ဆိုင်များကိုလည်း စီးပွားရေးနှုန်းထားဖြင့် ကောက်ခံရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂ဝဝ၈ ခုနှစ်တွင် ညွှန်ကြားချက်ထုတ်ပြန်၍ ကောက်ခံခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားသည်။
ထို့နောက် ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်မှစ၍ နေအိမ်သုံးနှင့် စီးပွားရေးလုပ်ငန်းမပါသော ဘာသာ၊ သာသနာအဆောက်အအုံများအတွက် ဓာတ်အားသုံးစွဲမှုများကို အိမ်သုံးအမျိုးအစားအလွှာနှုန်းထားဖြင့် ကောက်ခံခဲ့ပြီး စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ စသည့်အိမ်သုံးသီးသန့်မဟုတ်သည့် ဓာတ်အား သုံးစွဲမှုများကို အိမ်သုံးမဟုတ်သည့်အမျိုးအစား အလွှာနှုန်းထားဖြင့် သတ်မှတ်၍ ကောက်ခံခဲ့ကြောင်း သိရသည်။
သို့သော်လည်း အချို့သော သုံးစွဲသူများသည် အိမ်သုံးမီတာဖြင့် အိမ်သုံးသီးသန့်သုံးစွဲခြင်းမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေမှုများရှိလာကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားသည်။
ထို့ကြောင့် ရေခဲ သေတ္တာ/ Deep Freezer အသုံးပြုသော ကုန်စုံဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ စက်ချုပ်ဆိုင် စသည့် လျှပ်စစ်ဓာတ်အားအသုံးပြုသည့် ဆိုင်များကို အိမ်သုံးမဟုတ်သည့် အမျိုးအစားအလွှာနှုန်းထားဖြင့် မီတာခများ ကောက်ခံလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းများကို စက်တင်ဘာလ(၁၁)ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးမည်ဟု ကိုရီးယားရှိ မြန်မာသံရုံးအသိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ