ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး (၉)ဦးထိခိုက်ဒဏ်ရာရရှိ
သန့်ဇင်(NSS) - စက်တင်ဘာ ၃
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်တွင် ကား(၃)စီးဆင့်တိုက်မှုကြောင့် မိသားစုလိုက်စီးနင်းလာသည့် HIJET ကားပေါ်မှ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂ရက်)၊ ည ၉နာရီအချိန်တွင် ထန်းတပင်မြို့နယ်၊ စန္ဒာယော်အနီး ရေစိုကျေးရွာထိပ် ရန်ကုန်-ပုသိမ်ကားလမ်းမကြီးပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကုန်ကားကြီးက လှိုင်သာယာကနေအဆင်း ငါးတင်တဲ့ကားကိုကျော်တက်ရင်း လှိုင်သာယာဘက်ကိုတက်လာတဲ့ မိသားစုဝင်တွေပါတဲ့ HIJET ကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိတာ”ဟု သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် စုစုပေါင်း(၁၀)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ HIJET ကားပေါ်မှ အမျိုးသမီးတစ်ဦးသည်ဆေးရုံ၌ သေဆုံးသွားခဲ့ပြီး အဆိုပါအမျိုးသမီး၏ (၂)နှစ်အရွယ်ကလေးနှင့် ယာဉ်မောင်းအမျိုးသားတို့သည် စိုးရိမ်ဖွယ် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“လူနာ(၁၀)ဦးရှိတယ်။ အဲဒီထဲကမှ အမျိုးသမီးတစ်ဦးက ဆေးရုံမှာပဲဆုံးသွားတယ်လို့သိရတယ်။ အဲဒီအမျိုးသမီးရဲ့ကလေးနဲ့ ကလေးရဲ့ဦးလေးကတော့ စိုးရိမ်ရတယ်။ ကျန်တဲ့ ပွန်းပဲ့ထိခိုက်ဒဏ်ရာရရှိသူတွေလဲရှိတယ်” ဟု၎င်းကဆက်လက်ပြောသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်လူနာအချို့အား မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ကျန်ဒဏ်ရာရရှိသူများအား လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်က အလှအပဆေးခန်းတွေမှာ ရေပန်းစားနေတဲ့ Botox လုပ်ခြင်းကို ရပ်တန့်ဖို့ စီစဉ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း