အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတရှီကျင့်ဖျင် တက်ရောက်မှာမဟုတ်ဟုဆို
Pika (NSS) - သြဂုတ် ၃၁
အိန္ဒိယနိုင်ငံတွင် လာမည့်သီတင်းပတ်မှာ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတရှီကျင့်ဖျင် တက်ရောက်နိုင်ဖွယ်မရှိကြောင်း နီးစပ်သောသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စက်တင်ဘာ(၉)ရက်မှ (၁ဝ)ရက်အထိ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို တရုတ်ဝန်ကြီးချုပ် လီချန်းက ကိုယ်စားပြုတက်ရောက်နိုင်ဖွယ်ရှိနေကြောင်း တရုတ်ရှိ အိန္ဒိယသံတမန်တစ်ဦးက ပြောကြားခဲ့သည်။
အိန္ဒိယ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ ပြောရေးဆိုခွင့်ရှိသူများသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။
ထို့အပြင် G20 ထိပ်သီးအစည်းအဝေးကို ကုန်သွယ်ရေး နှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ တင်းမာမှုများဖြစ်ပေါ်နေသော အမေရိကန်နှင့်တရုတ်တို့၏ ခေါင်းဆောင်များ တွေ့ဆုံကာ ဆွေးနွေးမှုများ လုပ်ဆောင်နိုင်မည့်နေရာတစ်ခုအဖြစ် ရှုမြင်ထားကြကြောင်းလည်း သိရသည်။
တရုတ်သမ္မတရှီကျင့်ဖျင်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော G20 ထိပ်သီးအစည်းအဝေးအပြီးတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နှင့် နောက်ဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရုရှားသမ္မတပူတင်သည် အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မည် မဟုတ်ကြောင်း နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်ကို စေလွှတ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
အိန္ဒိယ၏ အကြီးတန်းအစိုးရအရာရှိတစ်ဦးက "တရုတ်သမ္မတရှီကျင့်ဖျင်အစား ဝန်ကြီးချုပ်လီချန်း လာရောက်မယ် ဆိုတာကို ကျွန်တော်တို့ သိပါတယ်" ဟု ပြောခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် G20 ထိပ်သီးအစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ဖွယ်ရှိနေပြီး အာဆီယံထိပ်သီးအစည်းအဝေးကို ဒုသမ္မတတစ်ဦးကိုစေလွှတ်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။ G20 ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတရှီကျင့်ဖျင် ကိုယ်တိုင်မတက်ရောက်ရသည့်အကြောင်းအရင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝုဖ်ကွင်းလယ်လူ မက်သီးယက်နူးနက်စ် အပြောင်းအရွှေ့အတွက် နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့တဲ့ မန်စီးတီးအသင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ