ဂါဘွန်သမ္မတကို နေအိမ်အကျယ်ချုပ်ချထားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်များပြော
Pika (NSS) - သြဂုတ် ၃၁
ဂါဘွန်သမ္မတအလီဘွန်ဂိုကို နေအိမ်အကျယ်ချုပ်ချထားပြီး ၎င်းကို မိသားစုဝင်များ နှင့် ဆရာဝန်များက အနီးကပ် စောင့်ကြည့်နေကြကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်များက ဩဂုတ်လ(၃ဝ)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အလီဘွန်ဂို၏ သားဖြစ်သူ Noureddin Bongo Valentin နှင့် အခြားအစိုးရထိပ်တန်းအရာရှိ အများအပြားအပြင် လက်ရှိအာဏာရပါတီတစ်ခုဖြစ်သော Gabonese Democratic ပါတီ၏ အဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောာင်များ က ပြောကြားခဲ့သည်။
ဖမ်းဆီးခံထားရသောလူများသည် နိုင်ငံတော်သစ္စာဖောက်မှု၊ ပြည်သူများ၏ ဘဏ္ဍာငွေကြေးများကို အလွဲသုံးစားလုပ်မှု၊ နိုင်ငံတော်ဘဏ္ဍာရေးကို အလွဲသုံးစားလုပ်မှု၊ သမ္မတ၏ လက်မှတ်အတုလုပ်မှု၊ အကျင့်ပျက်ခြစားမှု နှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတို့ကို လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း သိရသည်။
ဂါဘွန်နိုင်ငံ၏ အငြင်းပွားဖွယ်ရာ သမ္မတရွေးကောက်ပွဲတွင် အသက်(၆၄)နှစ်အရွယ် သမ္မတအလီဘွန်ဂိုသည် ဆန္ဒမဲ (၆၄ ဒသမ ၂၇) ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဂါဘွန်စစ်ခေါင်းဆောင်များသည် ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းကာ အာဏာသိမ်းယူလိုက်ကြောင်း ဩဂုတ်လ(၃ဝ)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
သမ္မတအလီဘွန်ဂိုသည် ၂ဝဝ၉ ခုနှစ်ကတည်းက သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းမှု နှင့် ရင်ဆိုင်ခဲ့ရဖူးကြောင်း သိရသည်။ ဂါဘွန်သမ္မတအလီဘွန်ဂို၏ တာဝန်မဲ့သော အုပ်ချုပ်မှုများကို အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေးကို ကာကွယ်ရန်အတွက် အာဏာသိမ်းယူလိုက်ခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်များက ပြောကြားခဲ့သည်။
သမ္မတအလီဘွန်ဂိုသည် နေအိမ်အကျယ်ချုပ်ချခံရသော်လည်း ၎င်း ရရှိသင့်သည့်အခွင့်အရေးအားလုံးကို ပေးသွား မည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် Brice Oligui Nguema က ပြောကြားခဲ့သည်။ Brice Oligui Nguema က "သူက ဂါဘွန်နိုင်ငံရဲ့အကြီးအကဲတစ်ဦးပါ။ သူ့ကို အငြိမ်းစားယူခိုင်းလိုက်ပါပြီ။ သူရသင့်တဲ့ အခွင့် အရေးအားလုံးကို ပေးအပ်သွားမှာပါ။ လောလောဆယ်တော့ ဘာမှမစဉ်းစားထားပါဘူး။ စစ်ဗိုလ်ချုပ်တွေအားလုံးနဲ့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
အာဏာသိမ်းမှုများဖြစ်ပွားပြီးနောက် နယ်စပ်များအားလုံးကို ပိတ်ထားသော်လည်း နိုင်ငံအတွင်းတွင် အင်တာနက် လိုင်းဖြတ်တောက်ကာ သုံးစွဲခွင့်ပိတ်ပင်ထားခြင်းမျိုးမရှိကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်များက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စဉ့်ကူးမြို့နယ်၌ တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် ခြံဝန်းတံခါးပြိုကျရာမှ အမျိုးသားတစ်ဦးပိမိသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ