လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် နိုင်ငံခြားသုံးငွေရောင်းချမှု ဆောင်ရွက်နေသူများကို ဖော်ထုတ်အရေးယူနေဟု ဗဟိုဘဏ်အသိပေး
ယွန်း (NSS) - သြဂုတ် ၃၁
လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် နိုင်ငံခြားသုံးငွေရောင်းချမှု ဆောင်ရွက်နေသူများကို ဖော်ထုတ်အရေး ယူမှုများပြုလုပ်နေကြောင်း သိရသည်။
မြန်မာနိင်ငံတော်ဗဟိုဘဏ်မှ ယနေ့(သြဂုတ်လ ၃၁ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လက်ရှိတွင် Facebook အစရှိသည့် လူမှုကွန်ယက်စာမျက်နှာများဖြစ်သော “ဒေါ်လာ Dollar Buy/Sell Market and News” နှင့် “ယူရို၊ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများစုံစည်းရာ Euro Dollar Trading Group” စသည့် Facebook Page များမှတစ်ဆင့် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေအား တရားဝင်ပေါက်ဈေးထက်ကျော်လွန်၍ ဈေးနှုန်းအမျိုးမျိုးများ သတ်မှတ်၍ တရားမဝင် ရောင်းဝယ်မှုများပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။
အဆိုပါ ရောင်းဝယ်မှုများသည် တရားမဝင်ရောင်းဝယ်မှုများဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် ညီညွတ်ခြင်းမရှိသဖြင့် သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးအဖွဲ့များက လိုအပ်သလို အသွင်ယူစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဖော်ထုတ်အရေးယူလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်တွင် အဆိုပါ Facebook Page မှတစ်ဆင့် အမေရိကန် ဒေါ်လာရောင်းချသူတစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လိုအပ်သည်များ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉ အရ နိုင်ငံတော်တွင် နိုင်ငံခြားသုံးငွေရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများသည် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၁၅ တွင် “ပြည်တွင်း၌ နေထိုင်သူတစ်ဦးသည် တရားဝင်နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀/-အထိ သို့မဟုတ် ယင်းနှင့် ညီမျှသော ငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ၆ လအတွင်း ကိုင်ဆောင်ခွင့်ရှိသည်။ အဆိုပါ ၆ လကာလကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများအား နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ဖော်ပြထားသည်။
ထို့ကြောင့် အများပြည်သူများအနေဖြင့် နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် မိမိနှင့်အတူပါလာသည့် နိုင်ငံခြားသုံးငွေများအား Declaration ပြုလုပ်ဆောင်ရွက်သွားရန် နှင့် တရားဝင်လိုင်စင်ခွင့်ပြုထားသော နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများနှင့် နိုင်ငံခြားသုံးငွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများထံတွင်သာ နိုင်ငံခြားသုံးငွေများ လဲ လှယ်ဝယ်ယူရောင်းချသွားရန် ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးတွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ ရာထူးများခေါ်ယူ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း