လိင်တူလက်ထပ်ပွဲကိုတက်ရောက်ခဲ့သော လိင်တူလိုလားသူလူပေါင်း(၁ဝဝ)ကျော်ကို နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ ဖမ်းဆီး
Pika (NSS) - သြဂုတ် ၃ဝ
နိုင်ဂျီရီးယားနိုင်ငံ Delta ပြည်နယ်တွင် လိင်တူလက်ထပ်ပွဲသို့တက်ရောက်ခဲ့သည့် လိင်တူဆက်ဆံသည်ဟု စွပ်စွဲခံထားရသော လူပေါင်း(၁ဝဝ)ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ပြောကြားခဲ့သည်။
ဥပဒေစိုးမိုးရေးအေဂျင်စီက "Delta ပြည်နယ် အာဏာပိုင်တွေဟာ လိင်တူလက်ထပ်ပွဲလုပ်နေတဲ့ ဟိုတယ်တစ်ခုမှာ လိင်တူချစ်သူတွေလို့ သံသယရှိတဲ့ လူ(၁ဝဝ)ကျော်ကို ဖမ်းဆီးခဲ့ပါတယ်" ဟု တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ Delta ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Bright Edafe က ၎င်းတို့သည် Ekpan မြို့တောင်ပိုင်းရှိ ဟိုတယ်တစ်ခု တွင် အမျိုးသားနှစ်ဦးလက်ထပ်ပွဲပြုလုပ်နေသည်ဆိုသည့်သတင်းအချက်အလက်များကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် ဩဂုတ်လ(၂၈)ရက်တွင် အဆိုပါဟိုတယ်ကို ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Bright Edafe က ဩဂုတ်လ(၂၉)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။ ၎င်း က "ဝင်ရောက်စီးနင်းတဲ့အချိန်မှာ အမျိုးသားနှစ်ဦး လက်ထပ်ပွဲလုပ်နေတာကိုတွေ့ခဲ့ရပြီး မင်္ဂလာဆောင်အခမ်းအနားကျင်းပနေတဲ့ ဗီဒီယိုဖိုင်မှတ်တမ်းလည်း ရှိပါတယ်။ ကျွန်တော်တို့ဟာ အာဖရိကတိုက်မှာရှိတဲ့ နိုင်ငံတစ်ခုပါ။ အနောက်နိုင်ငံတွေကို အတုယူလို့ မရပါဘူး" ဟု ပြောခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံတွင် လိင်တူဆက်ဆံသူများကို မကြာခဏဖမ်းဆီးလေ့ရှိပြီး LGBT များသည် ၎င်းတို့၏ လိင်စိတ် ခံယူမှုများကို ပွင့်ပွင့်လင်းလင်းဖော်ပြနေခြင်းမျိုးကို အာဏာပိုင်များက သည်းခံနေမည်မဟုတ်ကြောင်း ၎င်းက ပြောခဲ့သည်။
၎င်းက "ဒါဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ ခွင့်ပြုရမယ့်အရာ မဟုတ်ပါဘူး။ သံသယရှိသူတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးရင် တရားရုံးမှာ တရားစွဲဆိုသွားမှာပါ" ဟု ပြောခဲ့သည်။ ထို့အပြင် ဖက်ရှင်ရှိုးပွဲသို့သွားနေစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူတစ်ဦးက ၎င်းသည် လိင်တူဆက်ဆံသူမဟုတ်ကြောင်း ပြောဆိုခဲ့သည်။
အဆိုပါအမျိုးသားက "ကျွန်တော်က မော်ဒယ်တစ်ယောက်ပါ။ စင်ပေါ်မှာ ဖြေဖျော်ဖို့အတွက် အမျိုးသမီးလို ဝတ်ဆင်ထားတာပါ။ ဒီလိုဝတ်ဆင်တာက မှားလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်က လိင်တူဆက်ဆံတဲ့သူတော့ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
၂ဝ၁၃ ခုနှစ်က နိုင်ဂျီးရီးယားနိုင်ငံတွင် ချမှတ်ထားသော လိင်တူလက်ထပ်ခြင်းကို တားမြစ်သည့်အက်ဥပဒေအရ အပြစ်ရှိကြောင်းတွေ့ရှိသူများကို ထောင်ဒဏ်(၁၄)နှစ်ချမှတ်နိုင်ကြောင်း သိရသည်။ နိုင်ဂျီးရီးယားနိုင်ငံတွင် လိင်တူ လက်ထပ်ခြင်းကို စီစဉ်ပေးသူ၊ သက်သေခံပေးသူ (သို့မဟုတ်) ကူညီဆောင်ရွက်ပေးသူများသည် ထောင်ဒဏ် (၁ဝ)နှစ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှား၌ မြန်မာအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရန် နောက်ကျခဲ့ခြင်းကြောင့် သေဆုံးခဲ့ရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း