နိုင်ဂျာကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည့် ECOWAS ၏ ဆောင်ရွက်မှုမှန်သမျှကို ထောက်ခံသွားမည်ဖြစ်ကြောင်း ပြင်သစ်အစိုးရထုတ်ဖော်ပြော
Pika (NSS) - သြဂုတ် ၂၉
စစ်အာဏာသိမ်းမှုဖြစ်ပွားထားသော နိုင်ဂျာနိုင်ငံတွင် သမ္မတမိုဟာမက်ဘာဇွန် ပြန်လည်အုပ်ချုပ်စေရန်အတွက် ရည်ရွယ်ကာလုပ်ဆောင်မည့် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုင်းအဝိုင်း(ECOWAS) ၏ စစ်ရေးအရ ဆောင်ရွက်မှုမှန်သမျှကို ပြင်သစ်နိုင်ငံက ကျောထောက်နောက်ခံပြုသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန် က ပြောကြားခဲ့သည်။
နိုင်ဂျာ၏ စစ်အစိုးရအသစ်သည် ပြင်သစ်သံအမတ်ကြီး Sylvain Itte ကို နိုင်ငံအတွင်းက နှင်ထုတ်လိုက်ပြီးနောက် မက်ခရွန်က ယခုကဲ့သို့မှတ်ချက်ပြုပြောခဲ့ခြင်းဖြစ်သည်။ နိုင်ဂျာစစ်အစိုးရသစ်နှင့်တွေ့ဆုံရန် ငြင်းဆိုခြင်း နှင့် နိုင်ဂျာ၏ အကျိုးစီးပွားကိုဆန့်ကျင်သော ပြင်သစ်နိုင်ငံ၏ လုပ်ရပ်များကြောင့် Sylvain Itte ကို နိုင်ငံအတွင်းမှ ထွက်ခွာရန်အတွက် အချိန်(၄၈)နာရီပေးခဲ့ကြောင်း နိုင်ဂျာနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ(၂၅)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။
နိုင်ဂျာစစ်အစိုးရက နိုင်ငံတွင်းမှ ထွက်ခွာရန် အမိန့်ပေးထားပေမယ့်လည်း Sylvain Itte သည် နိုင်ဂျာတွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း မက်ခရွန်က ဩဂုတ်လ(၂၈)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။ ECOWAS အဖွဲ့ သည် နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်များ နှင့် ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရန်ကြိုးပမ်းနေသော်လည်း သံတမန်ရေးအရ ကြိုးပမ်းမှုများ မအောင်မြင်ပါက ၎င်းတပ်ဖွဲ့ဝင်များကို နိုင်ဂျာသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။
နိုင်ဂျာသမ္မတ မိုဟာမက်ဘာဇွန်သည် အာဏာသိမ်းမှုဖြစ်ပွားခဲ့သော ဇူလိုင်လ(၂၆)ရက်ကတည်းက နေအိမ်တွင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး ရာထူးမှ မထွက်ရန် ဆုံးဖြတ်ခဲ့သော ၎င်း၏ ဆုံးဖြတ်ချက်ကို မက်ခရွန်က ချီုးကျူးစကားပြောခဲ့ကြောင်းလည်းသိရသည်။နိုင်ဂျာစစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော သမ္မတမိုဟာမက်ဘာဇွန်ကို ထောက်ခံသည့် ပြင်သစ်နိုင်ငံ၏ ရပ်တည်ချက်မှာ ပြောင်းလဲမည်မဟုတ်ကြောင်း မက်ခရွန်က အခိုင်အမာပြောခဲ့သည်။
ဩဂုတ်လ(၂၆)ရက်က နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်များကိုထောက်ခံသော ရာနှင့်ချီသောလူများသည် Niamey မြို့ရှိ ပြင်သစ်စစ်အခြေစိုက်ခန်းအနီးတွင် စုဝေးခဲ့ကြပြီး ပြင်သစ်သည် နိုင်ဂျာပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေကြောင်း စွပ်စွဲပြောဆိုကာ စစ်သားများကို ပြန်ရုတ်သိမ်းရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ယခုလအစောပိုင်းတွင် နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်များသည် ပြင်သစ် နှင့် စစ်ရေးသဘောတူညီချက် (၅)ခု ကို ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော်လည်း ပဲရစ်က အဆိုပါစစ်ရေး သဘောတူညီချက် သည် နိုင်ဂျာနိုင်ငံ၏ အာဏာပိုင်များ နှင့် တရားဝင်လက်မှတ်ရေးထိုးထားသောကြောင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း အခိုင်အမာပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အထက်မြန်မာပြည်ရှိ မြေပဲများကို ပြည်တွင်းဆီစက်နှင့် တရုတ်ပြည်ဘက်မှအဝယ်လိုက်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ