တရုတ်လူမျိုးခရီးသွားဧည့်သည်များ အများအပြားဝင်ရောက်လာတော့မည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန် နစကဝန်ကြီးပြော
ယွန်း (NSS)- သြဂုတ် ၂၉
တရုတ်လူမျိုးခရီးသွားဧည့်သည်များ အများအပြားဝင်ရောက်လာတော့မည်ဖြစ်ခြင်းကြောင့် ကြိုတင်ပြင်ဆင်ထားရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သြဂုတ်လ(၂၈)ရက်တွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံရှိ ယဥ်ကျေးမှု နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြေညာချက်အရ တရုတ်လူမျိုးခရီးသွားဧည့်သည်များ အများအပြားဝင်ရောက်လာတော့မည်ဖြစ်ပြီး ၎င်းတို့ဝင်ရောက်ရာတွင် အဆင့်သင့်ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ရန် ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် တရုတ်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံအတွင်း ခရီးစဥ်ဒေသများ၌ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် ခရီးသွားရာသီအမီ ငွေကြေးသုံးစွဲမှုအဆင်ပြေစေရေး၊ ဘာသာစကားနှင့် နေထိုင်သွားလာရေးတို့ကိုလည်း ကြိုတင်ပြင်ဆင်ထားရန် ၎င်းက ဆက်လက်ပြောသည်။
အလားတူ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် ခရီးသွားကုမ္ပဏီများအနေဖြင့် ကြိုးစားဆောင်ရွက်ရန်လိုကြောင်း ဒေါက်တာသက်သက်ခိုင်မှ ပြောသည်။
ထို့ပြင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများအပြင် တရုတ်၊ အိန္ဒိယ၊ ရုရှားကဲ့သို့ အလားအလာရှိသည့် ခရီးသွားဈေးကွက်ဝင်နိုင်ငံများမှ ခရီးသွားများ ပိုမိုဝင်ရောက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်နိုင်ရေး ကိုလည်း အသိပေးပြောကြားထားသည်။
မြန်မာနိုင်ငံသို့ တရုတ်ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာစေရေးအတွက် ဗီဇာဖြေလျှော့ပေးရေးကို ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ် နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် စုစုပေါင်း ၃၆၇,၃၆၈ ဦး ဝင်ရောက်ခဲ့ပြီး တရုတ်ခရီးသွားသည် ၄၈,၃၄၂ ဦးပါဝင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်းအချက်အ လက်များအရသိရသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်ရန် ကြိုးပမ်းလျက်ရှိပြီး ပိုမိုကောင်း မွန်သော ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ရည်ရွယ်၍ ဝန်ကြီးဌာနအနေဖြင့် အခြေခံတရုတ်စကားပြောသင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၌ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း(၆၀၀) နီးပါးတိုးလာ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း