တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုသောလုပ်ရပ်များကို ရင်ဆိုင်သွားမည်ဟု အမေရိကန်စစ်ဘက်ပြော
Pika (NSS) - သြဂုတ် ၂၈
တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို မီးသတ်ပိုက်နှင့်ထိုးခဲ့ခြင်းများ အပါအဝင် တရုတ်၏ ရန်လိုသောအပြုအမူများကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း အမေရိကန်ရေတပ် Seventh Fleet ဒုဗိုလ်ချုပ်ကြီးကားလ်သောမတ်စ် က ပြောကြားခဲ့သည်။
ဒေသအတွင်းတွင် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ဖိလစ်ပိုင်ကို အမေရိကန်က ကျောထောက်နောက်ခံပြု သွားမည်ဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီးကားလ်သောမတ်စ် က ပြောကြားခဲ့သည်။
၎င်းက "ကျွန်တော့်ရဲ့တပ်ဖွဲ့တွေဟာ ဒီနေရာကို အကြောင်းပြချက်တစ်ခုကြောင့် ရောက်ရှိနေတာပါ" ဟု ပြောခဲ့ သည်။ ဂျပန်နိုင်ငံတွင် အခြေစိုက်သော အမေရိကန်၏ Seventh Fleet ရေတပ်တွင် သင်္ဘောအစီး (၇ဝ)၊ တိုက်လေယာဉ်(၁၅ဝ) နှင့် တပ်သား(၂၇ဝဝဝ)ကျော် ရှိကြောင်း သိရသည်။
အဆိုပါရေတပ်သည် ဂျပန်၊ တောင်ကိုရီးယား နှင့် စင်ကာပူတို့ရှိ အခြေစိုက်စခန်းများမှ ဧရိယာစတုရန်းကီလိုမီတာ (၁၂၄) သန်းကျော်ကို လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကားလ်သောမတ်စ် က "grey zone အတွင်းမှာ ရန်လိုနေတဲ့နိုင်ငံတွေကိုရင်ဆိုင်ဖို့ လိုအပ်ပါတယ်။ သူတို့က ပိုပြီးဖိအားပေးလာရင် ကျွန်တော်တို့လည်း ပြန်ပြီးဖိအားပေးဖို့ လိုအပ်ပါတယ်။ ဥပမာပေးဖို့က ဩဂုတ်လ(၅)ရက် ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ထက် ပိုပြီးကောင်းတဲ့ဟာ မရှိပါဘူး" ဟု ပြောခဲ့သည်။
ဩဂုတ်လ(၅)ရက်က တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်သင်္ဘောသည် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသော ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကိုတားဆီးကာ မီးသတ်ပိုက်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် တောင်တရုတ်ပင်လယ်ကို ကြီးကြပ်ကွပ်ကဲသည့် ဖိလစ်ပိုင်အနောက်တိုင်းစစ်ဌာနချုပ် အကြီးအကဲ အယ်လ်ဘတ်တိုကားလို့စ် နှင့် ဆွေးနွေးမှုများရှိခဲ့ကြောင်း ကားလ်သောမတ်စ် က ပြောကြားခဲ့သည်။
ကားလ်သောမတ်စ် က "ကျွန်တော်တို့ဟာ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး အမြင်တွေကို မျှဝေခဲ့ပါတယ်။ ဒါကြောင့် သူတာဝန်ယူရတဲ့လုပ်ငန်းတွေကို သူဘယ်လိုမြင်လဲဆိုတာကို ကျွန်တော်ပိုပြီး နားလည်လာပါတယ်။ ပြီးတော့ ကျွန်တော့်ဆီကနေ ဘယ်လိုအကူအညီတွေ ရနိုင်တယ်ဆိုတာကို သူနားလည်အောင် ပြောပြခဲ့ပါတယ်" ဟု ပြောခဲ့သည်။
တောင်တရုတ်ပင်လယ်၏ အခြေအနေများကို စောင့်ကြည့်ရန်အတွက် ဩဂုတ်လ(၂၆)ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမှ လေယာဉ်ဖြင့် လိုက်ပါခဲ့ကြောင်း ကားလ်သောမတ်စ်က ပြောကြားခဲ့သည်။ တရုတ်သည် တောင်တရုတ် ပင်လယ်တွင် လူလုပ်ကျွန်းများကိုတည်ဆောက်ခဲ့ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနိုင်ငံ တို့ နှင့် နယ်မြေအငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၂၈ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ