ပုဂံရှိ ဘုရားစေတီများပေါ်တွင် ကန့်သတ်ထားသည့် တက်ရောက်ဖူးမြော်ခွင့်ကို နစကဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ပြန်လည်ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်
ယွန်း (NSS) - သြဂုတ် ၂၈
နစက ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ ပုဂံဒေသရှိ ဘုရားစေတီများအပေါ်တက်ရောက်ခွင့်များကို ပြန်လည်အကောင်အထည်ဖော်နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုဂံရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ(၂၇)ရက်တွင် နစကဥက္ကဋ္ဌက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစဉ် အထက်ပါကဲ့သို့ လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။
ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားစေတီများအပေါ်တက်ရောက်၍ ပုဂံရှုခင်းများ ကြည့်ရှုခွင့်ကို ပြီးခဲ့သည့် (၂၀၁၆)ခုနှစ် ငလျင်လှုပ်ခတ်ပြီးသည့်အချိန်မှစ၍ ကန့်သတ်ထားခဲ့ခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။
"ပုဂံမှာရှိတဲ့ ဘုရားတွေအားလုံးကို (၂၀၁၆)ငလျင်လှုပ်ပြီးထဲက အပေါ်တက်ရောက်ခွင့်တွေကို ပိတ်ထားတာပါ။ နစကဥက္ကဋ္ဌက ဘုရားရဲ့ ကြံ့ခိုင်မှုတွေနဲ့ မိုခါကြောင့် ပျက်စီးတာတွေကို လိုက်ပြီးကြည့်ရင်းနဲ့ အကယ်၍ ကြံ့ခိုင်မှုတွေကောင်းတယ်ဆိုရင် တက်ရောက်ကြည့်ရှုနိုင်ဖို့ စီမံပေးသင့်တယ်လို့ ပြောခဲ့တယ်။ တက်ရောက်ခွင့်ပြုလိုက်ပါလို့ ပြောခဲ့တာတော့မဟုတ်ဘူး။ ပုဂံရဲ့ရှုခင်းကို အားလုံးတွေ့မြင်ခံစားလို့ရ အောင် ဒီဘက်က စီမံနိုင်ရင် စီမံဆောင်ရွက်ပေးဖို့ လမ်းညွှန်ခဲ့တာပါ။ ဒါပေမယ့် ချက်ချင်းကြီးတော့ ဖွင့်လို့မရသေးဘူး"ဟု ညွှန်ကြားရေးမှူး ဦးမြင့်သန်းက NSS ကိုပြောသည်။
အဆိုပါလမ်းညွှန်မှုအရ ပုဂံဒေသ၏ရှုခင်းများကို ကြည့်ရှုနိုင်မည့် ဘုရားစေတီများကို ရွေးချယ်၍ အပေါ်တက်ရောက်ခွင့်ပြုနိုင်ရေးကို ပညာရှင်များနှင့်တိုင်ပင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ကတော့ ဘုရားတွေအကုန်လုံးကို မလုပ်နိုင်ရင်တောင်မှ အနည်းနဲ့အများတော့ ရွေးချယ်ပြီးတော့ ပြုပြင်နိုင်မယ့်ဘုရားတွေကို ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့ တင်ပြပေးရမယ့်သဘောတော့ရှိပါတယ်။ လမ်းညွှန်ချက်လည်းဖြစ်တော့ ဆောင်ရွက်ပေးနိုင်ဖို့ကို အကောင်အထည်ဖော်ရမှာပေါ့။ အကုန်လုံးတော့မဟုတ်ဘူး။ လုပ်ပေးနိုင်တဲ့အတိုင်းအတာအထိတော့ စဉ်းစားဆောင်ရွက်ပေးရမှာပေါ့"ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီပုထိုးများသည် ရှေးဟောင်းသမိုင်းဝင်လက်ရာများဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သည့်အတွက် ထိန်းသိမ်းဆောင်ရွက်မှုများကို အလေးထားရန်လည်း နစကဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် ဘုရားများ၏ ပြုပြင်ထိန်းသိမ်းမှုပေါ်မူတည်၍ ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖြစ်ပေါ်စေနိုင်သဖြင့် မူလလက်ရာကိုမထိခိုက်စေဘဲ ခေတ်မီနည်းပညာများ အသုံးပြုထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။
လက်ရှိတွင် ပုဂံဒေသအတွင်း ပြည်တွင်း၊ ပြည်ပဘုရားဖူးများ စိတ်ဝင်တစားလာရောက်လည်ပတ်လျက်ရှိပြီး သြဂုတ်လ(၁)ရက်မှ (၂၅)ရက်အထိ ပြည်ပဘုရားဖူးဧည့်သည့်(၂၇၅)ဦး လာရောက်လာပတ်ခဲ့ရာ အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံမှ လာရောက်လည်ပတ်မှု အများဆုံးဖြစ်ကြောင်း ဦးမြင့်သန်းက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်ကြောင့် မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးခန့် သေဆုံးဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ဝင်နှင့်မိသားစုဝင် (၁၀၀)နီးပါးမှာလည်း ဖမ်းဆီးခံနေရ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း