မြန်မာနိုင်ငံ၏ သတင်းမှန်များကို တရုတ်၏အကူအညီဖြင့် ကမ္ဘာကသိစေရန် ဖြန့်ကျက်မှုများ ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေးဝန်ကြီးပြော
ယွန်း (NSS) - သြဂုတ် ၂၅
မြန်မာနိုင်ငံ၏ သတင်းမှန်များကို တရုတ်၏အကူအညီဖြင့် ကမ္ဘာကသိစေရန် ဖြန့်ကျက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
တရုတ်နိုင်ငံရှိ China Global Television Net(CGTN) က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တွေ့ဆုံမေးမြန်းစဥ် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ မီဒီယာလွှမ်းမိုးမှုအခြေအနေသည် သတင်းတု၊ သတင်းမှားများဖြင့် နိုင်ငံ၏ တိုးတက်မှုကိုနှောင့်နှေး စေရန် ဆောင်ရွက်နေမှုများရှိနေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြည်တွင်း၌ လက်ရှိဖြစ်ပေါ်နေသည့် သတင်းအမှန်များကို အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများမှ မသိစေရန် နည်းပညာနှင့်ဖြစ်စေ၊ အခြားနိုင်ငံရေးနည်းလမ်းများနှင့်ဖြစ်စေ ဖုံလွှမ်းမှုများရှိနေပြီး သတင်းတု၊ သတင်းမှားများကို ကမ္ဘာနိုင်ငံအသီးသီးထံသို့ရောက်ရှိရန် တချို့သောနိုင်ငံများက စီမံဆောင်ရွက်မှုမျိုးရှိနေကြောင်း ဦးမောင်မောင်အုန်းက အသိပေးပြောကြားခဲ့သည်။
ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ သတင်း အမှန်များကို ကမ္ဘာက သိစေရေးအတွက် ဆောင်ရွက်သွားရန် ၎င်းက ပြောကြားထားသည်။
"ကျွန်တော်တို့က သတင်းတုတွေ၊ သတင်းအမှားတွေကို မပေးပါဘူး။ တကယ့်ကို ပကတိဖြစ်ရပ်မှန် သတင်းအမှန် တွေ၊ နိုင်ငံတော်အစိုးရက စိစစ်ထားပြီးသား သတင်းအမှန်တွေကို တရုတ်မီဒီယာတွေကနေ ကမ္ဘာကြီးကို ဖြန့်ကျက် ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ပကတိအခြေအနေမှန်တွေကို ကမ္ဘာကပိုမိုသိရှိပြီးမှ အနာဂတ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်မှု၊ တိုးတက်မှုတွေကို အနှေးနဲ့အမြန် ရောက်လာမယ်လို့ ယုံကြည်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် ယူနန်မီဒီယာအုပ်စု (YMG အဖွဲ့) နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီသည့်အနေအထားတွင် ရှိနေပြီး MOU လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အပြင် အပြန်အလှန်သတင်းများ ဖလှယ်နိုင်ရေးကို စီစဥ်ထားကြောင်း သိရသည်။
အလားတူ တရုတ်မီဒီယာအုပ်စု(CMG) နှင့်လည်း MOU ထိုးနိုင်ရေးအတွက် စီမံဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပစိဖိတ်သမုဒ္ဒရာထဲကို ရေဒီယိုသတ္တိကြွပါရှိနေတဲ့ ရေဆိုးများစွန့်ပစ်တဲ့ ဂျပန်အစိုးရဲ့လုပ်ရပ်ကို တရုတ်နိုင်ငံအပြင် မြောက်ကိုရီးယားအစိုးရလည်း ဝေဖန်ပြစ်တင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ