ကျောက်တံခါး နှင့် စလင်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားတိုင်(၃)တိုင်ကို KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဩဂုတ် ၂၅
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် နှင့် မကွေးတိုင်း စလင်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားတိုင် (၃)တိုင်ကို KNU နှင့် PDF ပူးပေါင်းအဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဩဂုတ်လ ၂၁ ရက် ည ၉ နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်၊ သဲဖြူရွာသစ်ကျေးရွာအနီး ရေထိန်းတံခါး ၏ မြောက်ဘက် ပေ(၃ဝဝ)ခန့်အကွာရှိ တောင်ငူ-သာယာကုန်းသို့ သွယ်တန်းထားသည့် 230 KV ဓာတ်အားလိုင်းမှ ဓာတ်အားတိုင်(၂)တိုင်ကို မိုင်းထောင်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ်(၂၂၂) နှင့် (၂၂၃)တို့အား KNU နှင့် PDF ပူးပေါင်းအဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် အဆိုပါလျှပ်စစ်တာဝါတိုင်(၂)တိုင်၏ အောက်ခြေတိုင် (၄)ချောင်း ပြတ်ထွက်ကာ တာဝါတိုင်(၂)တိုင်ကြားရှိ ဓာတ်အားကြိုးတစ်ချောင်းပြုတ်ကျပြီး သဲဖြူကျေးရွာသို့ ဆက်သွယ်ထား သည့် 11 KV ဓာတ်အားကြိုးပေါ်သို့ကျရောက်ခဲ့သဖြင့် သဲဖြူကျေးရွာ၌ လျှပ်စစ်မီးများပြတ်တောက်ခဲ့ရကြောင်း သိရသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားရာ အနီးအနားပတ်ဝန်းကျင်သို့ စစ်ဆေးရှာဖွေခဲ့ရာ လျှပ်စစ်တာဝါတိုင်အမှတ်(၂၂၂) နှင့် ပေ (၁ဝဝ) ခန့်အကွာ ခြုံပုတ်အတွင်းမှ (၅)ဂါလံဆံ့ပလပ်စတစ်ပုံးဖြင့် ပြုလုပ် ထားသည့် လက်လုပ်မိုင်းတစ်လုံးနှင့် ပေ(၅၀)ခန့် အကွာ သစ်ပင်အောက်မှ အထက်ပါပုံစံတူ လက်လုပ်မိုင်း(၂)လုံး တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အလားတူ ဩဂုတ်လ ၂၂ ရက် နေ့လည် ၁၂ နာရီခွဲအချိန်တွင် စလင်းမြို့နယ်၊ တညောင်-တောင်ဖီလာသွား ကားလမ်း၏ အနောက်ဘက်ရှိ မုန်းဆည်ရေအားလျှပ်စစ်မှ တညောင်ဓာတ်အားခွဲရုံသို့ပို့လွတ်သော 132 KV ဓာတ်အားလိုင်းမှ လျှပ်စစ်တာဝါတိုင်အမှတ် (၂ဝ၈) အား PDF အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လျှပ်စစ်တာဝါတိုင်အမှတ် (၂ဝ၈)၏ ထောက်တိုင်(၄)တိုင်အနက် (၂)တိုင်မှာ ပြတ်တောက်ပျက်စီးသွားခဲ့၍ တစ်တိုင်မှာ တွန့်လိမ်ပျက်စီးခဲ့ပြီး ဓာတ်အားတိုင် ပြိုလဲမှုမရှိကြောင်းနှင့် လျှပ်စစ်ပို့လွှတ်မှုများ ပြတ်တောက်မှုမရှိကြောင်း သိရသည်။
ပျက်စီးသွားခဲ့သည့် ဓာတ်အားတိုင်များအား ပြန်လည်ပြုပြင်နိုင်ရေးတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း နှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်နဲ့ အခြားခေါင်းဆောင်များ သေဆုံးရမှုအပေါ် ရုရှားသမ္မတပူတင် ထုတ်ဖော်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း