အင်ဒိုနီးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်အောင် အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုများဖြစ်ဖို့ ဆက်လက်ကြိုးပမ်းမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၂၂
မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုများဖြစ်လာအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက သြဂုတ် ၂၁ ရက်မှာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုအတွင်း ထုတ်ဖော်ပြောကြားလိုက်တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီက "မြန်မာနိုင်ငံရေးအခက်အခဲတွေဟာ အာဆီယံအဖွဲ့အတွင်း စိန်ခေါ်မှုတွေထဲ ပါဝင်နေတယ်လို့ မကြာခဏ မီးမှောင်းထိုးပြလျက်ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ၂ဝ၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးနောက် မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်အောင် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုလိုမျိုး ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးအဖြေရစေဖို့ အရာရာတိုင်းကြိုးပမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရေရှည်တည်တံတဲ့ ငြိမ်းချမ်းရေးအဖြေရှာဖွေနိုင်ဖို့ မြန်မာနိုင်ငံရေးမှာ ပါဝင်နေသူအားလုံး၊ အထူးသဖြင့် မြန်မာတပ်မတော်အပေါ်မှာ မူတည်နေတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများကြား ဆက်သွယ်ရေးလမ်းကြောင်းများတည်ထောင်နိုင်အောင် ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊ ပဋိပက္ခများ ကင်းစင်တဲ့ နိုင်ငံတခုဖြစ်ဖို့ နဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ကိုဆွေးနွေးရာတွင် အချိန်ယူဖို့ လိုအပ်ပြီးချက်ချင်းပြီးမြောက်ဖို့ မလွယ်ကူနိုင်နိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် သံတမန်ရေးရာ ညွှန်ကြားရေးမှူးချုပ် Teuku Faizasyah က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ၂ဝ၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် မြန်မာ နိုင်ငံရေးအခက်အခဲကို ကြားဝင်ဖြေရှင်းနိုင်ဖို့ နစက၊ NUG အပါအဝင် မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတွေနဲ့ အကြိမ်ပေါင်း အနည်းဆုံး ၁၁ဝ ကြိမ် တွေ့ဆုံဆွေးနွေးထားကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လအတွင်းတုန်းက ထုတ်ဖော်ပြောထားပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတွေနဲ့ဆွေးနွေးရာမှာ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်း၊ အွန်လိုင်းမှတဆင့် ဆွေးနွေးခြင်း၊ ဖုန်းနဲ့ ဆွေးနွေးခြင်းများ လုပ်ဆောင်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနှင့်ဆော်ဒီအာရေဗျနိုင်ငံကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ