လာမည့်(၁ဝ)ရက်အတွင်း ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေတို့သည် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ဟု မိုးဇလဆို
ယွန်း (NSS) - သြဂုတ် ၂၁
ယနေ့(သြဂုတ်လ ၂၁ ရက်)မှ သြဂုတ်လ (၃၁)ရက်အထိ (၁ဝ)ရက်အတွင်း ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေတို့သည် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(သြဂုတ်လ ၂၁ ရက်)တွင် အထက်ပါကဲ့သို့ အသိ ပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ နှင့် သပိတ်ကျင်းတို့တွင် (၄)ပေမှ (၆)ပေခန့်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ နှင့် ဇလွန်တို့တွင် (၁)ပေမှ (၃)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ (၂၁) ရက်နေ့ကနေ လကုန်အထိကို လက်ရှိရေအမှတ်ကနေအထက်ကို တက်နိုင်တာပေါ့။ ဧရာဝတီမြစ်အောက်ပိုင်းနဲ့ ငဝန်မြစ်ကတော့ စိုးရိမ်ရေမှတ်နားကို နည်းနည်းတော့ကပ်သွားနိုင်ပါတယ်။ သတိတော့ရှိဖို့လိုမယ်။ အရမ်းကြီး စိုးရိမ်ရေမှတ်အထက်ကိုကျော်တာမျိုးတော့ မရှိနိုင်ပါဘူး”ဟု မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဇလဗေဒဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးသန်းက NSS ကိုပြောသည်။
ထို့ပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့ အပါအဝင် ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုင်နှင့် ကလေးဝမြို့တို့တွင် (၂)ပေမှ (၅)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
အလားတူ အဆိုပါမြစ်ရေသည် မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင်လည်း ပေဝက်မှ (၁)ပေခန့် လက်ရှိရေမှတ်များအထက်မြင့်တက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၂)ပေခန့်၊ ဒုဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်တို့တွင် (၁)ပေမှ (၃)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တို့တွင် (၁)ပေမှ (၃)ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့ပြင် ရွှေကျင်မြစ် အပါအဝင် ပဲခူးမြစ်၊ သောင်းရင်းမြစ် ၊ ငဝန်မြစ်၊ တိုးမြစ် ၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်ရေတို့သည်လည်း လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုးဇလမှ အသိပေးထားသည်။
သို့သော် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ကြီးတံခွန်မြို့နယ်၌ အသက်(၇၀)ဝန်းကျင်အရွယ်ရှိ အဘွားအိုတစ်ဦး သေဆုံးမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ