အသေးသုံးနိုင်ငံခြားငွေများကို ရန်ကုန်လေဆိပ်ရှိ ဘဏ်ကောင်တာ(၃)ခု၌ AD လိုင်စင်ရဘဏ်များက နေ့စဥ်အလှည့်ကျ ရောင်းချပေးမည်
ယွန်း (NSS) - သြဂုတ် ၂၁
ပြည်ပသို့အမှန်တကယ်ထွက်ခွာမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဘဏ်ကောင်တာ(၃)ခုတွင် AD လိုင်စင်ရဘဏ်များက နေ့စဥ်အလှည့်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့(သြဂုတ်လ ၂၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် အမေရိကန်ဒေါ်လာ အပါအဝင် ငွေကြေးအမျိုးအစား(၇)မျိုးကို ရောင်းဝယ်ခွင့်ပြုထားကြောင်း သိရသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ထွက်ခွာရာတွင် နိုင်ငံတကာငွေပေးချေမှုကတ်များအပြင် အသေး သုံးနိုင်ငံခြားငွေ ငွေသားဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင်ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန်ရည်ရွယ်၍ ရန်ကုန်လေဆိပ် (သို့မ ဟုတ်) Money Changer ကောင်တာများတွင် အသေးသုံးနိုင်ငံခြားငွေများ ရောင်းချလျက်ရှိကြောင်း ဗဟိုဘဏ်မှ အသိပေးထားသည်။
အဆိုပါကောင်တာများတွင် ပြည်ပသို့သွားရောက်အလုပ်လုပ်မည့်သူ၊ ဆေးကုရန်သွားမည့်သူနှင့် ပညာ သင်သွားရောက်မည့်သူများကို တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ (၃၀၀)မှ (၅၀၀)ခန့်ကို ရောင်းချပေးခြင်းအား ပြီးခဲ့သည့် မေလ(၃၁)ရက်မှစ၍ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ပြည်ပသို့ထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများကိုလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် ပြည်ပသို့ အမှန်တကယ်ထွက်ခွာမည့်သူများအား အဆင်ပြေလွယ်ကူစွာရောင်းချပေးနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်/ထွက်ခွာ) ဘဏ်ကောင်တာ(၃)ခုတွင် AD လိုင်စင်ရဘဏ်များမှ နေ့စဥ်အလှည့်ကျရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လေဆိပ်ကောင်တာများအပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသားရောင်းချပေးသည့် အစီအစဥ်တွင် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် CB ဘဏ် အပါအဝင် ပြည်တွင်းဘဏ်များက ပါဝင်ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားငွေရောင်းဝယ်ရေးလုပ်ကိုင်သည့်ဆိုင်ပိုင်ရှင်ကို ဓားဖြင့်ထိုးသတ်ကာ ငွေသားများလုယက်မှု မြဝတီမြို့၌ ဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း