MAI အနေဖြင့် အရှေ့အလယ်ပိုင်း နှင့် အရှေ့မြောက်အာရှဒေသများသို့ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းရန် စီစဉ်နေ
NSS - ဩဂုတ် ၁၇
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) အနေဖြင့် အရှေ့အလယ်ပိုင်း နှင့် အရှေ့မြောက် အာရှဒေသများသို့ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းရန် စီစဉ်နေကြောင်း သိရသည်။
လေကြောင်းလိုင်းမှ Chief Commercial Officer ဖြစ်သူ Mr. Tanes Kumar N Maniam က ဩဂုတ်လ ၁၅ ရက်က ကျင်းပခဲ့သည့် လေကြောင်းလိုင်းနှစ်(၃ဝ)ပြည့်ပွဲ၌ NSS နှင့် သီးသန့်အင်တာဗျူးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
MAI အနေဖြင့် လာမည့် ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်တွင် ခရီးစဉ်သစ်အဖြစ် မန္တလေး-ရန်ကုန်-မန္တလေး- ရုရှား နိုဗိုဆီဗရစ်မြို့သို့ တိုက်ရိုက်လေကြောင်း ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ ရုရှားမှာ အခြေအနေတွေအားလုံးကို လေ့လာပြီး အေးဂျင့်တွေလည်း ရထားပြီးပါပြီ။ လာမယ့် အနာဂတ်မှာလည်း ရုရှားက မြို့တော်တော်များများကို တိုက်ရိုက်ပြေးဆွဲဖို့လည်း ကြိုးစားနေပါတယ်။ ကျွန်တော်တို့စီစဥ်ထားတဲ့အတိုင်းဆိုရင် အရှေ့အလယ်ပိုင်းနေရာတွေနဲ့ အရှေ့မြောက် အာရှနေရာတွေကိုလည်း ပျံသန်းသွားဖို့အထိ ရှိပါတယ်”ဟု ၎င်းကပြောသည်။
အလားတူ တရုတ်နိုင်ငံသို့လည်း လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် စီစဉ်ထားကြောင်း သိရသည်။
“အခြေအနေတွေ ပိုအဆင်ပြေလာတဲ့အခါ တရုတ်ကိုလည်း မေ့ထားလို့မရဘူး။ ကျွန်တော်တို့ တရုတ်နိုင်ငံကို လေယာဉ်အားလုံး သေချာပေါက် ပြန်လည်စတင်ပြေးဆွဲတော့မှာပါ”ဟု Mr. Tanes Kumar N Maniam ကပြောသည်။
လက်ရှိတွင် MAI အနေဖြင့် လေယာဉ်စုစုပေါင်း (၁၅)စီးဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များကိုအခြေပြု၍ တရုတ်၊ ကိုရီးယား နှင့် အိန္ဒိယနိုင်ငံများအပါအဝင် နိုင်ငံတကာခရီးစဉ်(၁၄)ခုကို ပျံသန်းလျက်ရှိကြောင်း သိရ သည်။
“ကျွန်တော်တို့လမ်းကြောင်းသစ်အများစုကို စတင်နေပြီ။ ကျွန်တော်တို့လေကြောင်းပြေးဆွဲတဲ့ အခေါက်အရေအတွက် အများဆုံးထိ တိုးမြှင့်ထားတယ်။ ဘန်ကောက်ဆိုရင် တစ်နေ့ ၇ ကြိမ်၊ ကွာလာလမ်ပူ တစ်နေ့ နှစ်ခေါက်၊ စင်ကာပူ တစ်ရက် ၂ ခေါက်၊ ဟနွိုင်း၊ ဟိုချီမင်၊ ဖူးခက်၊ ဖနွမ်းပင်၊ ပြီးတော့ ချန်နိုင်းတို့ကိုလည်း ပြေးဆွဲနေပါတယ်”ဟု ၎င်းကပြောသည်။
ပြည်တွင်း ပြည်ပခရီးစဉ်များကိုပြေးဆွဲရာ၌လည်း ပုံမှန် ခရီးစဉ်များအပြင် စင်းလုံးငှားခရီးစဉ်များကိုပါ ပျံသန်းပြေးဆွဲလျက်ရှိပြီး လာမည့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင်လည်း လေယာဉ်အစီးရေ ၂၅ စီးခန့်အထိ တိုးချဲ့သွားရန်စီစဉ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စာသင်ကျောင်းအား Drone ဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် ဆရာ/မများ နှင့် ကျောင်းသား/သူများ ထိခိုက်ဒဏ်ရာရရှိမှု ညောင်လေးပင်မြို့နယ်၌ ဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း