မြေပြိုကျမှုကြောင့် ပျက်စီးခဲ့သော အာရှလမ်းပိုင်းအား ဘေလီတံတားအစားထိုးပြုပြင်ရာတွင် လာမည့်တစ်ပတ်အတွင်း ပြီးစီးနိုင်ဟုဆို
မျိုးကြီး (NP News) - သြဂုတ် ၁၅
မြေပြိုကျမှုကြောင့် ပျက်စီးခဲ့သော အာရှလမ်းပိုင်းအား ဘေလီတံတားအစားထိုးပြုပြင်ရာတွင် လာမည့်တစ်ပတ်အတွင်း ပြီးစီးနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက ပြောသည်။
မြဝတီ-ကော့ကရိတ်အာရှလမ်း၊ တောနော်ရေတံခွန်းအနီး၌ ပြီးခဲ့သောရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပေါ်ခဲ့ရာ လမ်းပိုင်းပျက်စီးသွားခဲ့ပြီး ယာဉ်အသွားအလာများ ရပ်တန့်ခဲ့ရသည်။
လက်ရှိတွင် မြေပြိုကျမှုကြောင့် ပျက်စီးခဲ့သော လမ်းပိုင်းအနီးရှိ ပိတ်မိနေသည့် ကုန်တင်ကားများ သွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦးက NP News ကိုပြောသည်။
“လက်ရှိမှာတော့ ကားလေးတွေကတော့ လမ်းဟောင်းကနေ သွားနေပါတယ်။ ပျက်ကျသွားတဲ့လမ်းမှာတော့ ဘေလီထိုးရဦးမှာပေါ့။ တောင်ကမ်းပါးရံဘေးမှာ ကပ်ပြီးဖောက်ရတာဖြစ်တဲ့အတွက် လိုအပ်တဲ့မြေကြီးလုပ်ငန်းကို စက်ယန္တရားတွေနဲ့လည်း လုပ်နေပါတယ်။ ကားကြီးတွေ သွားလို့ရအောင် ဆောင်ရွက်မှာပါ။ ခုကတော့ မိုးကရွာနေတော့ အောက်ခံမြေကပျော့နေတာ တကယ်လို့မပျော့ဘူးဆိုရင် အနီးအနားမှာရှိတဲ့ ကားကြီးတွေကို ဟိုဘက်ဒီဘက် မြေကြီးပေါ်ကနေပဲ လွှတ်လိုက်ရင် အနီးအနားက ကားတွေရှင်းသွားမှာပေါ့။ အဲဒါလေးတွေတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ပိတ်ထားတာကလည်း ကြာနေပြီလေ”ဟု ၎င်းက ဆက်လက်ပြောသည်။
မြေပြိုကျပျက်စီးခဲ့သော အာရှလမ်းပိုင်းအား လက်ရှိတွင် ဘေလီတံတားဖြင့် အစားထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ရာသီဥတုအခြေအနေပေးပါက လာမည့်တစ်ပတ်အတွင်း ပြီးစီးနိုင်ကြောင်း ညွှန်ချုပ်ဦးလှထွန်းဦးက ထပ်မံပြောကြားထားသည်။
“ပြီးနိုင်မယ့်ရက်ကတော့ အဲဒီရာသီဥတုပဲလေ။ ကျွန်တော်တို့ မှန်းတာကတော့ နောက်အထပ်အများဆုံး တစ်ပတ်ပေါ့ဗျာ။ တစ်ပတ်အတွင်း ပြီးနိုင်တယ် ရာသီဥတုအခြေအနေပေးခဲ့ရင်ပေါ့။ ရာသီဥတုအခြေအနေမပေးရင်တော့ နှစ်ဆတိုးသွားမှာ ပေါ့ နှစ်ပတ်ဖြစ်သွားမှာပေါ့။ ပစ္စည်းတွေလည်း အကုန်စုထားပါပြီ။ ချဉ်းကပ်လမ်းခင်းဖို့ ကျောက်တွေလည်း သယ်လို့ရတာ တွေ အကုန်သယ်ထားပြီးပြီ။ ဘေလီတွေလည်း အကုန်ရောက်နေပြီ ဒါတွေကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားဖို့ပဲ လိုတာ” ဟု ဦးလှထွန်းဦးက ပြောသည်။
အိမ်စီးကားများနှင့် ခြောက်ဘီးကားများသည် ပျက်စီးခဲ့သော မြဝတီ-ကော့ကရိတ်အာရှလမ်းအစား ထို့ကော်ကိုးလမ်းနှင့် မြဝတီ-ကော့ကရိတ်လမ်းဟောင်းတို့ကို အသုံးပြုကာ သွားလာနေကြကြောင်း သိရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့်မြို့နယ်ရှိ မြေစာပုံပြိုကျမှုဖြစ်စဉ်မှ တစ်ရက်အတွင်း သေဆုံးသူ(၂၅)ဦး တွေ့ရှိ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း