ဖားကန့်မြို့နယ်ရှိ မြေစာပုံပြိုကျမှုဖြစ်စဉ်မှ တစ်ရက်အတွင်း သေဆုံးသူ(၂၅)ဦး တွေ့ရှိ
NSS - သြဂုတ် ၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မြေစာပုံပြိုကျမှုဖြစ်စဉ်မှ တစ်ရက်အတွင်း သေဆုံးသူ(၂၅)ဦး တွေ့ရှိထားကြောင်း သင်္ခါလူမှုကူညီရေးအသင်းထံမှ သိရသည်။
မြေစာပုံပြိုကျမှုဖြစ်စဉ်သည် ပြီးခဲ့သည့် သြဂုတ်လ(၁၃)ရက်၊ ညနေ(၃)နာရီအချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါလုပ်ကွက်အတွင်း ကျောက်ကျင်းကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ကျောက်တူးနေသူ(၃၇)ဦး ပျောက်ဆုံးခဲ့ကြောင်း အထက်ပါလူမှုကူညီရေးအသင်းက ပြောသည်။
၎င်းဖြစ်စဉ်တွင် ပျောက်ဆုံးခဲ့သူများအား ရှာဖွေကယ်ဆယ်မှုများဆောင်ရွက်ခဲ့ရာ ယနေ့(သြဂုတ် ၁၅ ရက်) နံနက်(၆)နာရီခွဲအချိန်ခန့်မှစ၍ အလောင်းများကို စတင်တွေ့ရှိခဲ့ရာ စုစုပေါင်းသေဆုံးသူ(၂၅)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
“နောက်ဆုံးအခြေအနေအရက ခုလောလောဆယ် ကန်ထဲမှာတစ်လောင်းထပ်ပေါ်နေလို့ သွားဆယ်နေကြပါတယ်။ စုစုပေါင်း(၂၅) လောင်းရှိပါပြီ။ ဒီနေ့မနက်(၆)နာရီခွဲလောက်ကမှ စပြီး အလောင်းတွေက ရေထဲကနေပေါ်လာတာ။ ပျောက်စာရင်းကတော့ (၃၇) ယောက်ပေါ့။ အသက်ရှင်လျှက်ပြန်တွေ့တာက တော့ မတွေ့သေးပါဘူး” ဟု သင်္ခါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
လက်ရှိတွင် အသက်ရှင်လျှက်ပြန်လည်တွေ့ရှိထားသူမရှိကြောင်း သိရပြီး သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့သူများအား ဖားကန့်သုဿန် တွင် မီးသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
အထက်ပါမြေစာပုံပြိုကျမှုဖြစ်စဉ်တွင် ပျောက်ဆုံးနေသူများအနက်မှ (၁၀)ဦးကို ယမန်နေ့(သြဂုတ်လ ၁၄ရက်)က ပြန်လည်တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက NSS ကို ပြောဆိုထားပြီး ယနေ့တွင် ထပ်မံဆက်သွယ်ခဲ့ရာ ညနေ(၆)နာရီနောက်ပိုင်းမှ ပြန်လည်ဆက်သွယ်ရန် ပြောကြားခဲ့သည်။
ထို့ကြောင့် NSS အနေဖြင့် ဝန်ကြီးဦဝင်းရဲထွန်းထံ ယနေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် ထပ်မံဆက်သွယ်ခဲ့သော်လည်း ၎င်းက အစည်းအဝေးပြုလုပ်နေသည့်အတွက် နောက်ထပ်တစ်နာရီကြာမှသာ ထပ်မံ ဆက်သွယ်ရန် ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်ရာ ပြည်တွင်း/ပြည်ပသတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း