တရားထိုင်နေသည့် အမျိုးသားအား အုတ်ခဲဖြင့်ထုရိုက်သတ်ကာ ဖုန်းနှင့် ပိုက်ဆံအိတ်လုယက်မှု မြဝတီတွင်ဖြစ်ပွား
NSS - သြဂုတ် ၁၅
တရားထိုင်နေသည့် အမျိုးသားအား အုတ်ခဲဖြင့်ထုရိုက်သတ်ကာ ဖုန်း နှင့် ပိုက်ဆံအိတ်လုယက်မှု မြဝတီမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယနေ့(သြဂုတ်လ ၁၅ ရက်)၊ နံနက်(၉)နာရီအချိန်ခန့်တွင် မြဝတီမြို့၊ မိချောင်းကုန်းဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့ကြောင်း အလင်းသစ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
အဆိုပါ အမျိုးသားသည် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဘုရား၌ မကြာခဏတရားလာထိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
“အဲဒီအမျိုးသားက ဘုန်းကြီးကျောင်းမှာရှိတဲ့ ဘုရားထဲမှာ တရားလာထိုင်နေကျလို့သိရတယ်။ လာရင်သူက ပါလာတဲ့ဆိုင်ကယ်ကို ဘုန်းကြီးကျောင်းဝင်းထဲက ဈေးဆိုင်တန်းလေးမှာ အပ်ပြီးတော့ တရားထိုင်တယ်။ မကြာခဏလာနေကျလို့ပြောတယ်” ဟု အလင်းသစ် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်းတွင် ခါး၌ပတ်ထားသည့်ပိုက်ဆံအိတ်နှင့် လက်ကိုင်ဖုန်းတစ်လုံး ပါလာကြောင်းသိရပြီး အဆိုပါပစ္စည်းများကို ရိုက်လုသွားခြင်းဖြစ်ကြောင်း သိရသည်။
“ပစ္စည်းတွေလည်းပါသွားတယ်။ ကျောင်းထဲမှာကဆောက်လုပ်ရေးတွေလုပ်နေတော့ အုတ်ခဲတွေရှိတယ်။ အုတ်ခဲနဲ့ခေါင်းကိုချည်းပဲ ရိုက်သွားတာ တော်တော်များတယ်။ သွေးအိုင်ထဲမှာလဲနေတာပေါ့ ရိုက်သွားတဲ့အုတ်ခဲကိုလည်း သူ့ဘေးနားမှာပဲတွေ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ အမျိုးသားအား အလင်းသစ်လူမှုကယ်ဆယ်ရေးအသင်းမှ မြဝတီခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီးနောက် နာရီဝက်ခန့်အကြာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူသည် အသက်(၄၀)ဝန်းကျင်ခန့်ရှိပြီး မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယအရှေ့မြောက်ပိုင်းမှာ ပဋိပက္ခတွေအဆုံးသတ်ပြီး ငြိမ်းချမ်းရေးပြန်လည်ရရှိအောင်လုပ်ဆောင်ပေးမယ်လို့ ကတိပြုကြောင်း ဝန်ကြီးချုပ်မိုဒီ ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း